Skip to main content

မြန်မာ့ထုတ်ကုန်များနှင့် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်

လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်တွင် လူပုဂ္ဂိုလ်များသည် ၎င်းတို့၏ စီးပွားရေး ဆိုင်ရာဆုံးဖြတ်ချက်များကို လွတ်လပ်စွာလုပ်ဆောင်နိုင်ကြပါသည်။ စားသုံးသူများသည် ၎င်းတို့၏ ဝင်ငွေဖြင့် မည်သို့ဝယ်ယူကြမည်ကို ဆုံးဖြတ်ချက်ချနိုင်ကြသည်။ လုပ်ငန်းများကလည်း ရောင်းလိုအားဆုံးဖြတ်ချက်ကို လွတ်လပ်စွာချမှတ်နိုင်ရန်အတွက် မည်သည့်ထုတ်လုပ်မှုနည်းလမ်းကို အသုံးပြုမည်၊ မည်သည့်ကုန်စည်ကိုရောင်းချမည်ကို လွတ်လပ်စွာရွေးချယ်ကြသည်။ စားသုံးသူများနှင့် လုပ်ငန်းများက ဝယ်လိုအား ရောင်းလိုအားဆုံးဖြတ်ချက်များမှတစ်ဆင့်၊ ဈေးနှုန်းယန္တရားများမှတစ်ဆင့်၊ ဈေးနှုန်းအပေါ် အကျိုးသက်ရောက်မှုရှိသည်။

ဈေးနှုန်းယန္တရားအရ ဖြစ်ပေါ်လာသည့်ဈေးနှုန်းသည် လုပ်ငန်းများနှင့်စားသုံးသူများက လက်ခံသည့်ဈေးနှုန်းဖြစ်ပါသည်။ ဝယ်လိုအားနှင့် ရောင်းလိုအားတို့ တူညီစေသော ဈေးနှုန်းကို အားမျှဈေးနှုန်းဟုခေါ်ဆို၍ အားမျှဈေးနှုန်း၌ ပိုလျှံမှု၊ ပြတ်လပ်မှုမရှိပေ။ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်သည် ဝယ်လိုအားနှင့် ရောင်းလိုအားပြောင်းလဲမှုကို လျင်မြန်စွာတုံ့ပြန်နိုင်သည်။ ဈေးကွက်သည် ပြိုင်ဆိုင်မှုမြင့်မားသောအခါ မည်သည့်ဈေးကွက်က ပိုမိုကြီးမားသော စွမ်းအားရှိသည်ဟူ၍ မရှိပေ။

လုပ်ငန်းများအကြား ပြိုင်ဆိုင်မှုရှိခြင်းသည် ဈေးနှုန်းကျဆင်းခြင်းကို ထိန်းထားနိုင်ပြီး လုပ်ငန်းအား ပိုမိုစွမ်းဆောင်ရည်ရှိလာစေရန် မက်လုံးပေးဆွဲဆောင်မှုတစ်ခုကဲ့သို့ ပြုမူပါသည်။ စားသုံးသူများသည် မည်သည့်ကုန်စည်ကို ဝယ်ယူရမည်ကို ဆုံးဖြတ်ရာတွင် ပိုမိုအလေးထားလေလေ ပိုမိုကြီးမားသည့် ငွေကြေးတန်ဖိုးကို ရရှိလေလေဖြစ်သည်။ လုပ်ငန်းရှင်များသည် ပိုမို၍ ပြိုင်ဆိုင်လေလေ၊ စားသုံးသူများ၏ ဆန္ဒများဖြည့်ဆည်းရန် ပိုမိုတုံ့ပြန်လေလေဖြစ်သည်။

လုပ်ငန်းများသည် ၎င်းတို့၏ကုန်ထုတ်စွမ်းအားစုများကို ပိုမိုစွမ်းဆောင်ရည်ရှိရှိ ထိထိ ရောက်ရောက် အသုံးချနိုင်လေလေ၊ အမြတ်ပိုမိုရရှိအောင် လုပ်နိုင်လေလေဖြစ်သည်။ အလုပ်သမားများသည် စွမ်းဆောင်ရည်ရှိရှိ ပိုမိုအလုပ်လုပ်လေလေ၊ ၎င်းတို့၏ အလုပ်တွင်ပို၍ သေချာလာပြီး ၎င်းတို့လုပ်ခလစာများ ပို၍မြင့်မားလေလေဖြစ်ပါသည်။ လက်တွေ့တွင် ဈေးကွက်စနစ်သည် ရှားပါးသည့်အင်အားစုများ ခွဲဝေရေးတွင် စွမ်းဆောင်ရည်အမြင့်မားဆုံး မရှိနိုင်ပေ။ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်၏ ပြဿနာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ လုပ်ငန်းများအကြား ပြိုင်ဆိုင်မှုသည် တခါတရံ အကန့်အသတ်ရှိသည်။ ကြီးမားသော လုပ်ငန်းအနည်းငယ်ကသာ လုပ်ငန်းကို လွှမ်းမိုးထားသည်။ ပြိုင်ဆိုင်မှုမရှိခြင်းနှင့် မြင့်မားသောအမြတ်သည် လုပ်ငန်းစွမ်း ဆောင်ရည်ရှိရန် မက်လုံးပေးမှုနှင့် ခွဲဝေဖြန့်ဖြူးမှု မညီမျှမှုကို ဖြစ်ပေါ်စေသည်။

တချို့လုပ်ငန်းများ၏ လုပ်ဆောင်မှုများကို လူမှုရေးအရ မလိုလားမှု ရှိကောင်းရှိနိုင်ပေသည်။ ဥပမာ-ဓါတုလုပ်ငန်းများသည် ပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေနိုင်သည်။ တချို့လူမှုရေးအရ လိုလားသောကုန်စည်ကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက သာမန်အားဖြင့် မထုတ်လုပ်ကြပေ။ အစိုးရမှပံ့ပိုးမှုမရှိဘဲ မည်သည့်လုပ်ငန်းကမှ မီးပြတိုက် တည်ဆောက်ဆောင်ရွက်နိုင်မည်မဟုတ်ပေ။

လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်သည် Macro စီးပွားရေး မတည်ငြိမ်မှုကို ဖြစ်စေ နိုင်သည်။ စီးပွားရေးဆုတ်ယုတ်ချိန်ကာလတွင် အလုပ်လက်မဲ့မြင့်မားခြင်းနှင့် ကုန်ထွက်ကျဆင်းမှုလည်းဖြစ်နိုင်ပြီး တခြားကာလများတွင် ဈေးနှုန်းတက်ခြင်းများလည်း ဖြစ်ပေါ်စေပါသည်။ နောက်ဆုံးအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်တွင် ကိုယ်တိုင်စိတ်ဝင်စားမှုရှိသော အပြုအမူများလုပ်ဆောင်ခြင်းအားဖြင့် ကိုယ်ကျိုးကြည့် အတ္တဆန်မှုများ၊ လောဘကြီးမှုများ၊ ရုပ်ဝါဒီနှင့် ဥစ္စာဓန ရှာမှီးနိုင်သော အင်အားများကို အားပေးပါသည်။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက အရင်းအမြစ်များ လိုအပ်လာမည်ဖြစ်ပါသည်။ အကယ်၍ နိုင်ငံတစ်နိုင်ငံတစ်နိုင်ငံသည် နည်းပညာဖွံ့ဖြိုးမှု အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ထိုနိုင်ငံအနေနှင့် အရင်းအမြစ် ရှားပါးမှုဖြစ်ခြင်းကိုလည်း ကျော်လွှားနိုင်မည်ဖြစ်ပါသည်။

မြန်မာ့ထုတ်ကုန်များ ပြည်ဈေးကွက်သို့တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ တင်ပို့သည့်အခါ ဈေးကွက်ခိုင်ခိုင်မာမာ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံနှင့် အစိုးရ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိကကဏ္ဍမှလည်း သက်ဆိုင်ရာနိုင်ငံ အလိုက် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေးအလေးထား ဆောင်ရွက်ရန်လည်းလိုပါသည်။ ပို့ကုန်ဝယ်လိုအား အခြေအနေကောင်းများရှိရန် လိုအပ်သည့်အပြင် နိုင်ငံခြားငွေလဲ လှယ်နှုန်းထားများ တည်ငြိမ်ရန်လည်း အရေးပါသည့် အချက်တစ်ချက်ပင်ဖြစ်ပါသည်။ ရေရှည်ဈေးကွက်ထိန်းထားနိုင်ရေးနှင့် လက်ရှိတင်ပို့မှု အရှိန်အဟုန်အတိုင်း ဆက်လက်တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည်ရေမြေရာသီဥတုအရ ဖွံ့ဖြိုးတိုးတက်စေမည့် အခြေအနေကောင်းများရှိသည့်အတွက် ပြည်ပပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်သူများ၊ ကုန်သည်ပွဲစားများ၊ ပြည်ပတင်ပို့သူများ၏ လိုအပ်ချက်အခက်အခဲများနှင့် ဦးစားပေးဖြေရှင်းသင့်သည့် အချက်များအပေါ် အစိုးရပုဂ္ဂလိကဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ၊ ဈေးကွက်သစ်များ ရှာဖွေဖော်ထုတ်ခြင်းများမှတစ်ဆင့် အကြံပြုချက်များ ဖော်ထုတ်ကာ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် ဆောင်ရွက်သွားရန်လိုကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရန်ကုန်)