Skip to main content

“ဝင်ငွေတိုးမည့် သင်္ဘောပင်များတိုးချဲ့စိုက်ပျိုးသင့်”

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုအခြေခံလျက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း ခေတ်မှီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်လျက် ရှိပါသည်။ ကျေးလက်ဒေသများတွင် နေထိုင်ကြသော တောင်သူလယ်သမား မိသားစုများသည်လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်လာကြပါသည်။ ရာသီဥတုသုံးမျိုးရှိသော်လည်း တောင်သူလယ်သမားကြီးများသည် ရာသီအလိုက် စပါး၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကိုလည်းတိုးချဲ့စိုက်ပျိုးလာကြသည်ကိုလည်း တွေ့မြင်ရပါသည်။ ၄င်းတို့ အနက်မှရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သော စျေးကွက်ဝယ်လိုအားရှိသည့် သင်္ဘောပင်များကို တိုးချဲ့စိုက်ပျိုးကြပါသည်။သင်္ဘောပင်မှာ ပူအိုက်စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး မြန်မာနိုင်ငံ၏နေရာ ဒေသမရွေးစိုက်ပျိုးနိုင်ပြီး မည်သည့်မြေအမျိုးအစားမဆို စိုက်ပျိုးနိုင်သော်လည်း မိုးများခြင်း၊ အပင်ခြေရေဝပ်ခြင်းများကို မနှစ်သက်ပါ။ သင်္ဘောပင်ကိုစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များကိုရွေးချယ်စိုက်ပျိုးသင့်ပါသည်။ သင်္ဘောပင်မျိုးစေ့များကို မျိုးအိတ်၊ ပျိုးဘောင်များဖြင့် စနစ်တကျ ပျိုးထောင်ပြီး ပျိုးပင်များဖြစ်ထွန်းလာပါက မြေကျင်းများတူး၍ (၂)ပေခြား၊ (၃)ပေခြား စိုက်ပျိုးပေးရပါသည်။ သင်္ဘောပင်ကို မိုးနှောင်းကာလ များတွင် စတင်စိုက်ပျိုးပါကပိုမိုသင့်တော်ပါသည်။ မိုးဦးကျကာလဖြစ်သော ကဆုန်လနှင့်ဝါဆိုလများတွင် စတင်စိုက်ပျိုးပါက သင်္ဘောပင်များအပင်ရှင်သန်၍ အမြစ်အမြန်တွယ်လာနိုင်ပါသည်။ သင်္ဘောတစ်ဧက ကုန်ကျစရိတ်မှာ ဒေသအလိုက် (၃၅၀၀၀၀-၄၀၀၀၀၀)ကျပ်ခန့်ရှိပြီး မြေဆီမြေသြဇာကျွေးသည့် အပေါ်မူတည်၍ အသီးအပွင့်များ ဝေဆာ၍ အပင်သက်တမ်းကြာနိုင်ပါသည်။

သင်္ဘောသီးအမှည့်၊ အစိမ်းများကို နေရာဒေသမရွေးကျောင်းများနှင့် ရပ်ကွက်များတွင်နေ့စဉ် ရောင်းချလျက်ရှိပါသည်။ သင်္ဘောသီးအမှည့် စျေးနှုန်းအနေဖြင့် အလုံးပေါ်မူတည်၍ တစ်လုံးလျှင် (၅၀၀-၁၀၀၀)ကျပ်၊ သင်္ဘောသီး အစိမ်းတစ်လုံးလျှင် ဖောက်သည်စျေး (၁၀၀-၁၅၀)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိပါသည်။ သင်္ဘောသီးအမှည့်ကို သရေစာအဖြစ်စားသုံးသလို၊ သင်္ဘော သီးဖျော်ရည်အဖြစ်လည်း သောက်သုံးကြပါသည်။ သင်္ဘောသီးအစိမ်းများကို ရခိုင်အသုပ်အဖြစ်လည်းကောင်း၊ ယိုးဒယားသင်္ဘောသီးထောင်းအဖြစ်လည်းကောင်း၊ ရိုးရိုးဗမာသုပ်အဖြစ်လည်း ကောင်းစားသုံးကြပါသည်။ စားသုံးသူပြည်သူအများစုမှာ သင်္ဘောသီးအစိမ်းနှင့် အမှည့်များကို စားသုံးကြသဖြင့် တောင်သူဦးကြီးများအနေဖြင့် နေ့စဉ်ဝင်ငွေတိုးစေမည့် သင်္ဘောပင်များကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)