Skip to main content

စားသုံးသူအခွင့်အရေးကာကွယ်ဖို့ ယုံကြည်မှုတွေတည်ဆောက်စို့

ကျွန်တော်တို့နေ့စဉ်ရှင်သန်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ နေ့တဓူဝ ဆက်ဆံနေရတဲ့ မိသားစုအတွင်းမှာလည်းကောင်း၊ အလုပ်သဘောအရဆက်ဆံရတဲ့ လူမှုပတ်ဝန်းကျင်မှာလည်းကောင်း၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာမှာလည်းကောင်း၊ ကိုးကွယ်ဆည်းကပ်ရာမှာလည်းကောင်း အမြဲပြောဆိုသုံးနှုန်းနေရတဲ့ မြန်မာစကားစုလေးတစ်ခုရှိပါသည်။ အဲဒါကတော့ယုံကြည်ပါ၊ ယုံကြည်ပေးပါ၊ ကိုးကွယ်ယုံကြည်ရာဆိုပြီး ပြောဆိုနေကြတဲ့စကားတွေထဲက ယုံကြည်ဆိုတဲ့ စကားစုလေးပဲဖြစ်ပါတယ်။ အဲဒီစကားစုလေးရဲ့  အဓိပ္ပာယ်ကို မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားတာကတော့ “ယုံကြည်=အမှန်အဖြစ်မှတ်ယူသည်၊ စိတ်ချသည်”လို့ ဖွင့်ဆိုထားတာကို တွေ့ရပါသည်။ မိသားစုဝင် တစ်ဦးနှင့်တစ်ဦး၊ အလုပ်ရှင်နှင့် အလုပ်သမား၊ စားသုံးသူနှင့် လုပ်ငန်းရှင်အကြား ယုံကြည်မှုရှိခြင်းက လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပါတယ်။

လူရယ်လို့ဖြစ်လာလျှင် နေ့စဉ်စားရေး၊ နေရေး၊ ဝတ်ရေးဆိုတဲ့ ရေးသုံးရေးကို အမြဲရင်ဆိုင် ဖြေရှင်းနေရတာပဲဖြစ်ပါတယ်။ ဒီလိုဖြေရှင်းရာမှာလည်း ဝင်ငွေပေါ်မူတည်၍ အဆင့်တန်းမီ လွယ်ကူစွာဖြေရှင်းနိုင်သူ၊ သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းနိုင်သူ၊ အလျဉ်းသင့်သလို ဖြေရှင်းနေရသူဆိုတဲ့ လူတန်းစားသုံးရပ်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ စားဝတ်နေရေးကို အလျဉ်းသင့်သလို ဖြေရှင်းနေရတဲ့ အခြေခံလူတန်းစားတွေအနေနှင့်ကတော့ ရွေးချယ်စရာနည်းပြီး ရှင်သန်ရပ်တည် နိုင်ရေးကို ဦးစားပေးဖြေရှင်းရတာပဲဖြစ်ပါတယ်။

စား၊ဝတ်၊နေရေးဆိုတဲ့ လူတွေရဲ့အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းဖို့သုံးစွဲနေရတဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုတွေအပေါ်မှာ စားသုံးသူတွေရဲ့ ယုံကြည်စိတ်ချမှုဟာများစွာ အရေးပါတာကိုလည်းတွေ့ရပါတယ်။ ဝင်ငွေကောင်းတဲ့သူအဖို့ အရည်အသွေးပြည့်တဲ့ကုန်စည်ကို မိမိစိတ်တိုင်းကျ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ပေမယ့်၊ ဝင်ငွေနည်းသူတွေအဖို့တော့ ရွေးချယ်နိုင်မှုနည်းပါတယ်။ အခြေခံသတ်မှတ်အရည်အသွေးပြည့်ရဲ့လားလို့ ဦးစားပေးမစဉ်းစားနိုင်ပဲ ဝင်ငွေနှင့်ချိန်ပြီး သုံးစွဲစားသုံးနေရတဲ့ အရည်အသွေးပေါ် ယုံကြည်စိတ်ချရမှုကတော့ အားနည်းပြီး ကံကိုပဲရိုးမယ်ဖွဲ့နိုင်ပါတယ်။

သုံးစွဲရတဲ့ကုန်စည်တွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားတွေ၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲတွေကို ဖော်ပြထားပြီး၊ ကုန်အညွှန်းမှာပါတဲ့အတိုင်း ထုတ်လုပ်ထားမယ်၊ ရှိသင့်တဲ့အရည်အသွေးရှိတဲ့ ကုန်ကြမ်းတွေပဲသုံးမယ်၊ လုပ်ငန်းအသေး၊အကြီး အလိုက်ရရှိသင့်တဲ့သက်ဆိုင်ရာဌာနတွေရဲ့ ထောက်ခံချက်ရရှိထားမယ်၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေလိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေလည်း လိုက်နာပြီးထုတ်လုပ်ထားတဲ့ ကုန်စည်တွေသာဈေးကွက်ထဲမှာရှိမယ်ဆိုရင် စားသုံးသူတွေအတွက် မျှတတဲ့ဈေးကွက်ဖြစ်လာပြီး မည်သူမဆို စိတ်ချယုံကြည်စွာ သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။

ဝန်ဆောင်မှုတွေကိုလည်းရှိရမည့် အခြေခံအချက်တွေဖြစ်တဲ့ သုံးစွဲသူဘေးကင်းလုံခြုံရေး၊ စိတ်ကျေနပ်မှုရှိရေး၊ ပေးရတဲ့တန်ဖိုးနှင့်ညီမျှတဲ့ ဝန်ဆောင်မှုတွေရရှိမှသာ လူတန်းစားမရွေး စိတ်ချယုံကြည်စွာဝန်ဆောင်မှုရယူနိုင်မှာဖြစ်ပါတယ်။ ဟိုးယခင် ကျနော်တို့ငယ်စဉ်က ဖခင်ဝင်ငွေတစ်ခု တည်းနဲ့ မိသားစုငါးဦးရပ်တည်နိုင်ခဲ့ပေမယ့်၊ ယခု ၂၁ရာစုရဲ့လူနေမှုပုံစံဟာ မိသားစုငါးဦးရှိရင် ငါးဦးစလုံးအလုပ်လုပ်မှသာ လူတန်းစေ့နေထိုင်နိုင်မှာလည်းဖြစ်ပါတယ်။ အချိန်နှင့်ဝင်ငွေ အချိုး ကျလာတဲ့အတွက် သုံးစွဲရတဲ့ပစ္စည်းတွေကိုလည်း Ready Made တွေ၊ စားတော့လည်း အသင့်စား အစားအစာတွေ သုံးစွဲစားသုံးလာရပါတယ်။

စားသုံသူတွေအနေနှင့်ကလည်း လွယ်ကူလျင်မြန်မှုကို ဦးစားပေးရတဲ့အတွက် အရည် အသွေးမပြည့်မီတဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုတွေကို သုံးစွဲခဲ့ရင် ရုပ်ပိုင်းဆိုင်ရာထိခိုက်နိုင်ချေတွေ၊ ရည်ရွယ်ချက်မပြည်ဝတာတွေ၊ ငွေကြေးဆိုင်ရာဆုံးရှုံးနိုင်ချေတွေ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်ချေနှင့် အချိန်ပိုင်းဆိုင်ရာ ဆုံးရှုံးနိုင်ချေတွေကို ရရှိခံစားရနိုင်ပါတယ်။ ဒါကြောင့် စားသုံးသူကာကွယ်ရေးဟာ အရေးကြီးသောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ ကာကွယ်ခြင်းဟာ အကောင်းဆုံးကုသခြင်းဆိုတဲ့အတိုင်း ထိရောက်သော စားသုံးသူကာကွယ်ခြင်းဖြစ်တဲ့ စားသုံးသူအခွင့်အရေးကို ကောင်းစွာသိရှိနားလည်တဲ့ စားသုံးသူကသာ မိမိကိုယ်ကို အကောင်းဆုံးကာကွယ်နိုင် မှာဖြစ်ပါ တယ်။

ထို့ကြောင့် စားသုံးသူပြည်သူတွေအနေနှင့် စားသုံးသူအခွင့်အရေးတွေကို သိရှိပြီး၊ နစ်နာ ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ဖို့၊ နစ်နာဆုံးရှုံးမှုတွေကို ပြန်လည်ကုစားနိုင်ဖို့အတွက် စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူတွေကို အသိပညာပေးဟောပြောခြင်းတွေ၊ စားသုံးသူကာကွယ်ရေးနှင့် ဆိုင်တဲ့ Talk Show တွေ၊ Consumer Call Center 1535 ထူထောင်ခြင်း၊ ကုန်စည် တွေမှာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေးတွေ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတွေကို ဆောင်ရွက်လျက်ရှိပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်တွေကို  မလိုက်နာတဲ့လုပ်ငန်းရှင်တွေကိုလည်း အရေးယူဆောင်ရွက်ခြင်းတွေကို ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ ဌာနရယ်၊ စားသုံးသူပြည်သူရယ်၊ လုပ်ငန်းရှင်ရယ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်တဲ့စားသုံးသူကာကွယ်ရေး ရပ်ဝန်းတစ်ခုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွာရေးလုပ်ငန်းရှင်၏ တာဝန်တွေ၊တားမြစ်ချက်တွေကို လုပ်ငန်းရှင်များမှတိကျစွာ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်မှသာ စားသုံးသူနှင့်လုပ်ငန်းရှင်ကြား ယုံကြည်မှုတည်ဆောက်နိုင်ပြီး၊ စားသုံးသူတွေအနေနှင့် ကံကိုယိုးမယ်ဖွဲ့စရာမလိုပဲ၊ အချက်အလက်တွေကြည့်ပြီးမှန်ကန်စွာရွေးချယ်နိုင်ကာ၊ ယုံကြည်စိတ်ချစွာသုံးစွဲနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းရှင်များမှာလည်း မျှတသောယှဉ်ပြိုင်မှုကိုရရှိစေပြီး၊ စားသုံးသူယုံကြည့်သည့် ခိုင်မာသောဈေးကွက်ကို ရရှိစေမှာဖြစ်တဲ့အပြင် စားသုံးသူတွေအတွက် ကောင်းမွန်ရှင်သန်နိုင်ပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကောင်းကို ရရှိစေမှာဖြစ်တယ်။

DOCA(ဧရာဝတီ)