ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကိုင်းတာကျေးရွာတွင် သံရည်ကျို၍ ပုံလောင်းခြင်းလုပ်ငန်း လုပ်ကိုင်လျက်ရှိပါသည်။ ကုန်ကြမ်းကို သံကျွတ်၊ ကားအင်ဂျင်ဟောင်း၊ သံထည်ဟောင်းများကိုအသုံးပြုပြီး တစ်နေ့လျှင် နန်းဆွဲနှစ်တန်ထုတ်လုပ်လျက်ရှိကာ တစ်လကိုပျှမ်းမျှအားဖြင့် ရက်(၂၀)ခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ လုပ်သားအရေအတွက်အားဖြင့်(၉၅)ဦးခန့်အသုံးပြုပြီး လုပ်ငန်းကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ သံရည်ကို ကျိုလောင်း၍ ပုံလောင်းထုတ်ကုန်များထုတ်လုပ်ရာတွင် လက်မ ၃၀ အမြင့် ၅ ပေရှိသော ပေါင်းဆွဲလေမှုတ်စက်ဖြင့် မောင်းခြင်း၊ မီးမွှေးလောင်စာထည့်ခြင်းများပြုလုပ်ရာတွင် သဲပိဿာချိန် (၇၀)၊ လောင်စာ (၁၅) ပိဿာ၊ ထုံးကျောက် (၅) ပိဿာ၊ တစ်နေ့လျှင်တန်ချိန် (၆)တန်ခွဲ၍ အရည်ကျိုပြီး ပုံစံခွက်မျိုးစုံဖြင့်ပုံလောင်း၍ ထုတ်လုပ်လျက်ရှိပါသည်။ တစ်နေ့လုပ်သားတစ်ဦးလျှင် ၁၀၀၀ဝ-၁၅၀၀၀ ကျပ်ခန့်ပေးချေရပြီး တစ်ပိဿာလျှင် ၅၀ ကျပ်မှ ၁၀၀ ကျပ်နှုန်းထိ အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။ လက်ရှိလုပ်ငန်းမှာ လုပ်သား(၉၅)ဦးဖြင့် နေ့စဉ်လည်ပတ်လျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ကော့သောင်းနှင့်နီးစပ်ရာမြို့များသို့ ရောင်းချကြောင်းသိရှိရပါသည်။ သံရည်ကျို၍ ပုံလောင်းထုတ်လုပ်ရေးလုပ်ငန်းသည် လုပ်ငန်းတိုးချဲ့၍ အဆင့်မြင့်နည်းပညာများအသုံးပြု၍ ထုတ်လုပ်ပါကလုပ်ငန်းရှင်အတွက်လည်း တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ဒေသတွင်းစီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)