Skip to main content

မိသားစုဝင်ငွေတိုးစေမည့် ပေါက်ပေါက်လုပ်ငန်း

ကျွန်တော်တို့ ကမ္ဘာမြေကြီးတွင်ရှိသော  လူသားများသည် စားရေး၊ ဝတ်ရေး၊ နေရေးဆိုသော အရေးသုံးပါးအတွက် နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေကြပါသည်။ နိုင်ငံအသီးသီး၊ လူမျိုး အသီးသီးတို့၌ အစားအသောက်နှင့်ပတ်သက်၍ မတူညီသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတစ်ခု အတွင်းတွင်လည်း ဒေသအလိုက် အစားအစာများရှိကြပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း ဒေသအလိုက်ရာသီအလိုက် ရိုးရာအစားအစာများရှိကြပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသအလိုက်၊ မြို့နယ်အလိုက် ရိုးရာအစားအစာ ထုတ်လုပ်သည့် လုပ်ငန်းများရှိရာ ပြည်မြို့အတွင်း ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး လုပ်ငန်းများအနက် ပေါက်ပေါက်လုပ်ငန်းများအကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်သူ ၁၅-၂၀ ဦးခန့်ရှိပြီး၊ စက်မှုဇုန်(၁)အတွင်း လုပ်ငန်းရှင်(၁၀)ဦးခန့် ရှိကြောင်းသိရှိရပါသည်။ စားသုံးသူအနေဖြင့် စက်မှုဇုန်အတွင်း ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးနှင့်တွေ့ဆုံ၍ ကျေးရွာ တစ်ရွာထုတ်ကုန်တစ်မျိုး (OVOP) ထုတ်လုပ်မှုအခြေအနေအား ကွင်းဆင်းမေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။

လုပ်ငန်းရှင်အနေဖြင့် ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာ (၁၀)နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ပေါက်ပေါက်လုပ်ရန် ဆန်ကွဲအဓိကလိုအပ်ပြီး ဆားဆိုဒါအနည်းငယ်လိုအပ်ကြောင်း သိရှိရပါသည်။ ယခင်ကတစ်ရက်လျှင် ဆန်ကွဲအိတ် ၄၀/၅၀ ခန့်ကြိတ်ခွဲနိုင်သော်လည်း ယခု ကုန်ကြမ်းပစ္စည်း ဈေးနှုန်းမြင့်တက်နေသည့်အတွက် တစ်ရက်လျှင်အိတ် (၂၀) လောက်သာ ကြိတ်ခွဲလျက်ရှိကြောင်း သိရှိရပါသည်။ ပေါက်ပေါက်လုပ်ငန်းအတွက် မှော်ဘီနှင့် ခြံဧရာဆန်ကွဲများမှာ အရည်အသွေးပို ကောင်းကြောင်း၊ ဆန်ကွဲ (၁၀၈) ပေါင်တစ်အိတ်လျှင် ပေါက်ပေါက်ကုန်ချော ၂၅/၂၆ ပိဿာခန့် ရရှိ ကြောင်း သိရှိရပါသည်။ ပေါက်ပေါက်ထုတ်လုပ်ပုံမှာ ဆန်ကွဲအိတ်ကို ဝေဖာကြိတ်စက်ထဲသို့ထည့်၍ (၂) နာရီကြာ ကြိတ်ဖွတ်ပါက ကုန်ချောရရှိမည်ဖြစ်ပါသည်။ ဆန်ကွဲကျစ်ပါက ဆားဆိုဒါ အနည်း ငယ်ထည့်ပေးရပါသည်။

ပေါက်ပေါက်ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ဆန်ကွဲ၊ လုပ်သားခ၊ လျှပ်စစ်မီတာခများ ထည့်သွင်းတွက်ချက်ပါက ဆန်ကွဲတစ်အိတ်လျှင် ၄၆၀၀၀ ကျပ် ကုန်ကျမည်ဖြစ်ပြီး အကျိုးအမြတ် အနေဖြင့် ပေါက်ပေါက်တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ပေါက်ပေါက် (၃) ပိဿာလျှင် ၅၀၀၀ ကျပ် ခန့်ရရှိသဖြင့် ဆန်ကွဲတစ်အိတ်လျှင် ၄၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိပါသည်။ တစ်နေ့လျှင် ဆန်ကွဲ (၂၀) အိတ်ကြိတ်လျှင် ၈၀၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဈေးကွက်အနေဖြင့် ပေါက်ပေါက်ကို(၁၀)ပိဿာပါ ပလပ်စတစ်အိတ်အတွင်း လေလုံအောင်ထည့်ပြီး ဒေသထွက်ဆန်မရွေးလုပ်ငန်းများနှင့် တောင်ကုတ်၊ မြန်အောင်၊ ဟင်္သာတ၊ မင်းတုန်း၊ ကံမမြို့နယ်များအထိ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

ပေါက်ပေါက်လုပ်ငန်းသည် အကျိုးအမြတ်နည်းသော်လည်း ဆန်ကွဲကိုသာအဓိကထားလုပ်ရသောလုပ်ငန်းဖြစ်သလို မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်နိုင်ပြီး နေ့စဉ်အကျိုးအမြတ်ရှိသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ပဲခူး)