မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား အဓိကထား စိုက်ပျိုးလျက်ရှိသည်။ ဆီထွက်သီးနှံများအနက် နေကြာသည် မြန်မာ့ဆီဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးသည့် သီးနှံလည်းဖြစ်သည်။ နေကြာသီး နှံသည် စားသုံးဆီအဖြစ်သော်လည်းကောင်း၊ မုန့်ပဲသရေစာအဖြစ်သော်လည်းကောင်း၊ ဆေးဝါးနှင့် ဆေးဝါးအထောက်ကူပြု ပစ္စည်းများအဖြစ်လည်းကောင်း၊ နိုင်ငံခြားတင်ပို့မှုတွင်လည်းကောင်း အရေးကြီးကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ နေကြာသီးနှံသည် ကမ္ဘာ့စားသုံးဆီ အများဆုံးထုတ်လုပ် နိုင်သော သီးနှံများတွင်တစ်ခု အပါအဝင်ဖြစ်သည်။
နေကြာသီးနှံတွင် အဓိကအားဖြင့် အစေ့စားနေကြာနှင့် ဆီစားနေကြာဟူ၍ နှစ်မျိုးရှိပါသည်။ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများအနက် နေကြာသီးနှံသည် စိုက်ပျိုးရသောမျိုးစေ့ပမာဏနှင့် ထွက်ရှိသောမျိုးစေ့ပမာဏ အချိုးအစား (Seed to Seed) မြင့်မားခြင်း၊ စိုက်ပျိုးစရိတ် သက်သာခြင်း၊ တစ်ဧကအထွက်နှုန်းကောင်းခြင်း၊ ပိုးမွှားရောဂါနှင့် ရာသီဥတုဖောက်ပြန်သည့် အခါတွင်မူ ပျက်စီးမှုနည်းခြင်းတို့ကြောင့် တောင်သူများကြိုက်နှစ်သက်သည့် သီးနှံတစ်မျိုးဖြစ်ပါ သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မိုးစိုက်ဧက (၄၂၄၄၇)ဧကနှင့်ဆောင်းစိုက်ဧက (၃၁၄၄၆၈)ဧက၊ စုစုပေါင်း (၃၅၆၉၁၅)ဧကစိုက်ပျိုးခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလကုန်အထိ မိုးစိုက်ဧက (၄၃၇၉၃)ဧက စိုက်ပျိုးပါကြောင်း၊ စစ်ကိုင်းခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်နှင့် ရွှေဘို ခရိုင်တို့တွင် အများဆုံးစိုက်ပျိုးပြီး ယခုနှစ်တွင် မိုးစပါးမစိုက်ပျိုးနိုင်သည့် ဒေသများသည် နေကြာသီးနှံနှင့်နှမ်းသီးနှံများ ပိုမိုစိုက်ပျိုးလာကြကြောင်း၊ မိုးနှောင်းကောင်းမွန်သောကြောင့် မိုးရေရရှိသ ဖြင့် ကုန်ကျစရိတ်သက်သာသောကြောင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၃) သိန်းခန့်သာ ကုန်ကျပါကြောင်း၊ ပေါက်ဈေးအနေဖြင့် ယခင်နှစ်အောက်တိုဘာလက တစ်တင်းလျှင် (၁၈၅၀၀)ကျပ်၊ ယခုနှစ် တစ်တင်းလျှင် (၄၃၂၀၀)ကျပ်ရရှိပါသဖြင့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် (၂၄၇၀၀)ကျပ် ပိုမိုရရှိပါကြောင်း၊ တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် (၁၈)တင်း ထွက်ရှိပါသဖြင့် တစ်ဧကဝင်ငွေအနေဖြင့် ကျပ်(၈)သိန်းခန့်ရရှိပါသဖြင့် တစ်ဧကအကျိုးအမြတ် အနေဖြင့် ကျပ်(၅)သိန်းခန့်ရရှိကြောင်း၊ တောင်သူများအတွက် တွက်ချေကိုက်သည့် သီးနှံဖြစ်ကြောင်း ဆူးလေကုန်း၊ ဘုမ္မနိုးနှင့် ကျွန်းသာယာကျေးရွာရှိ တောင်သူများထံမှ လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)