Skip to main content

ဘုတ်ပြင်းမြို့နယ်၌ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်း

နေပြည်တော် ဒီဇင်ဘာ ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကံမော်ကြီးကျေးရွာ၌ ကျင်းပသည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာတို့အတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့် တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ကျော်တို့က အမှာစကားပြောကြားကြသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး စီမံကိန်းကျေးရွာ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က စီမံကိန်းဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးပြီး ဓာတ်အားပေးစက်ရုံမြေနေရာတွင် ပန္နက်ရိုက်ပေးကြ သည်။

အဆိုပါစီမံကိန်းသည် ဆိုလာတပ်ဆင်စွမ်းအား (176 KW)၊ အရန်ဒီဇယ်မီးစက် (80 KW) တို့ကို တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းပြီးစီးပါက ကံမော်ကြီးကျေးရွာရှိ အိမ်ခြေ ၂၁၀၊ လူဦးရေ ၁၀၃၀ နှင့် ရေငံကြီးကျေးရွာရှိ အိမ်ခြေ ၃၃၀၊ လူဦးရေ ၂၁၄၆ ဦးတို့ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကံမော်ကြီးကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကံမော်ကြီးကျေးရွာမှ ကော့သောင်း-ဘုတ်ပြင်းလမ်းမကြီးသို့ဆက်သွယ်သည့် ကျေးလက်လမ်း ၉ မိုင်ကို အဆင့်မြှင့်တင်ဖောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ကော့သောင်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့သွားရောက်၍ ကျောင်းအုပ်ကြီး၊ နည်းပြများ၊ သင်တန်းသူများနှင့်တွေ့ဆုံကာ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) မှ သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ခေတ်မီစံပြကျေးရွာ (SMART Village)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဘန်းကချွန်ကျေးရွာအုပ်စု တိုင်းဒင်ကျေးရွာ၌ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တိုင်းဒင်ကျေးရွာရှိ အသက်မွေးဝမ်းကျောင်းအဖွဲ့ လေးဖွဲ့အတွက် ကျေးလက်စီးပွားမြင့်မားရေး (RBF) ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ပေးအပ်ခဲ့သည်။

သတင်းစဉ်