Skip to main content

ရှေးမြန်မာမင်းများ တည်ထားခဲ့သည့် နှစ် ၉၀၀ ကျော်သက်တမ်းရှိ ညောင်ရမ်း - မင်းလှကန် ပြုပြင်မွမ်းမံ

နေပြည်တော် ဒီဇင်ဘာ ၆

သာစည်ဒေသနေပြည်သူများ၏ သောက်သုံးရေနှင့်စိုက်ပျိုးရေ ဖူလုံစွာအသုံးပြုနိုင်ရေးအတွက် ရှေးမြန်မာမင်းများလက်ထက်က မြေသားတမံရေလှောင်ကန်အဖြစ် တည်ဆောက်အသုံးပြုခဲ့သည့် နှစ် ၉၀၀ ကျော်သက်တမ်းရှိ ညောင်ရမ်း-မင်းလှကန် ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို ဒီဇင်ဘာ ၄ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရေသယံဇာတများ အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေးနှင့် ရေပေးဝေသည့်မြောင်းများ၊ အဆောက်အအုံများရေရှည်တည်တံ့ပြီး ရေပေးဝေမှုစနစ် တိုးတက်စေရေးအတွက် ရေသောက်မြောင်းများအလိုက် ရေအသုံးချသူများအဖွဲ့ (Water User Group-WUG) များ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ညောင်ရမ်း- မင်းလှကန် ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

သာစည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၀ မှ စိုက်ကွင်းပေါင်း ၁၀၂ ကွင်း၏ ရေသောက်ဧရိယာ ဧက ၂၇၀၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေလျက်ရှိသော ညောင်ရမ်း - မင်းလှကန်မှာ နွေရာသီရေရှားပါးချိန်၌ သောက်သုံးရေဖူလုံရေးနှင့် ဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုလျက်ရှိရာ ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ် ထိန်းသိမ်းနိုင်ရေးနှင့် ရေရှည်လက်ဆင့်ကမ်းပြီး အကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် ကန်ပေါင်ဆင့်ခြင်း၊ ရေပေးမြောင်းတစ်လျှောက် သဲနုန်းတူးဖော်၍ တူးမြောင်းများ ပုံစံကျပြုပြင်ခြင်း၊ တူးမြောင်းအဆောက်အအုံများပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်