Skip to main content

မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁

မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြီး သက်ကြီးဘိုးဘွားများ စောင့်ရှောက်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောင်းလဲလာသည့် လူဦးရေတိုးနှုန်းပေါ်မူတည်ပြီး စီးပွားရေးဆိုင်ရာမူဝါဒနှင့် လူမှုရေးဆိုင်ရာမူဝါဒများကို ပြန်လည်သုံးသပ်၍ အနာဂတ်အတွက် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်သဖြင့် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးအတွက် စနစ်ပိုမိုခိုင်မာ အားကောင်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၌ သက်ကြီးရွယ်အိုစောင့်ရှောက်မှုများအနေဖြင့် လူမှုရေးပိုင်းဆိုင်ရာစောင့်ရှောက်မှုနှင့် ကျန်းမာရေးပိုင်းဆိုင်ရာ စောင့်ရှောက်မှုဟူ၍ နှစ်မျိုးခွဲခြားစောင့်ရှောက်လျက်ရှိကြောင်း၊ ဘိုးဘွားများ၏ လိုအပ်ချက်များအပေါ်မူတည်ပြီး နည်းလမ်းအသစ်များဖြင့် ပြုစုစောင့်ရှောက်ပေးရန်၊ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ထောက်ပံ့မှု အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ ထောက်ပံ့ခဲ့ရာ လက်ရှိတွင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား ၂၃၂၇၀၃ ဦးရှိကြောင်း၊ သက်ကြီးရွယ်အိုများ ဦးဆောင်ပြီး အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ လူငယ်များပါဝင်သည့် “Inclusive Self-Help Groups” “လူမှုအားမာန်” အဖွဲ့ပေါင်း ၂၇၇ ဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေများကိုလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအား နည်းစနစ်ကျကျ စောင့်ရှောက်မှုပေးနိုင်ရန် စီမံခန့်ခွဲမှု သင်တန်းများကိုလည်း ဖွင့်လှစ်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သက်ကြီးရွယ်အိုများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုလည်းကောင်း၊ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ သက်ကြီးရွယ်အို ဘာသာရပ်ပညာရှင် ပါမောက္ခဒေါက်တာဦးမြင့်ဟန်က သက်ကြီးဘိုးဘွားများ စောင့်ရှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်