နေပြည်တော် နိုဝင်ဘာ ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၁၁ နာရီတွင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာဗီနေးမိုဟန်ကွာထရာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုလသမဂ္ဂနှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အပါအဝင် ဒေသဆိုင်ရာနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ် များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဗီနေးကူးမား၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှတွဲဖက် အတွင်းဝန် ရှရီမတီစမီတာပန့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်