Skip to main content

လူကုန်ကူးမှုကို အရှိန်အဟုန်ဖြင့်တိုက်ဖျက်

လူကုန်ကူးမှုသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သော ခေတ်သစ်ကျေးကျွန်စနစ်အသွင် ပြဿနာတစ်ခုဖြစ်သည်။ လူကုန်ကူးမှုပြဿနာကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ခံစားနေရပြီး အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောနိုင်ငံများသည် လူကုန်ကူးမှု၏ နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုခံစားနေကြရသည်။ မျက်မှောက်ခေတ်တွင် လူကုန်ကူးမှုပြဿနာသည် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်လာသဖြင့်ကမ္ဘာ့ နိုင်ငံများက နည်းလမ်းမျိုးစုံဖြင့် ထိရောက်စွာ ကြိုးပမ်းအားထုတ်တားဆီးကာကွယ် ကြသော်လည်း ဖြစ်ပွားမှုမြင့်မားနေဆဲ ဖြစ်သည်ကို နိုင်ငံတကာမှ အသိအမှတ်ပြုထားသည်။

လူကုန်ကူးမှုပြဿနာသည် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့်ဆက်နွှယ်နေ သဖြင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုကို အလေးထား ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားသည့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲစာချုပ် သုံးခုအနက် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ အမျိုးသမီးနှင့်ကလေးသူငယ်များအား အထူးပြုသည့် လူကုန်ကူးမှုနှိမ်နင်းခြင်းနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာစာချုပ်၊ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်း အသုံးပြု၍ ရွှေ့ပြောင်းသွားလာသူများအား မှောင်ခိုပို့ဆောင်မှုဆိုင်ရာစာချုပ်တို့တွင် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်နေ့က အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး စီမံကိန်းသာမက ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယနိုင်ငံ တို့နှင့် နှစ်နိုင်ငံအကြား လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ အာရှ-ပစိဖိတ်ဒေသ၏ ဘာလီလုပ်ငန်းစဉ်၊ ၁၉၉၇ ခုနှစ်၌ ဖွဲ့စည်းခဲ့သည့် BIMSTEC တွင်လည်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နှင့် နီပေါနိုင်ငံ တို့နှင့် ပူးပေါင်းပြီး ၂၀၀၄ ခုနှစ်မှစတင်၍ လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး မဟာဗျူဟာ (၃)ရပ်၊ နည်းဗျူဟာ (၄)ရပ် ချမှတ်ကာ ကာကွယ်တားဆီးခဲ့သည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် အာဆီယံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းအား ၂၀၁၅ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ SOMTC လုပ်ငန်းအဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အာဆီယံအထူးအဖွဲ့ ခေါင်းဆောင်များ အဖွဲ့တို့ကိုဖွဲ့စည်းကာ ဒေသတွင်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အာဆီယံကဏ္ဍအလိုက် ဆက်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘိုဟိုးလုပ်ငန်းစီမံချက် (၂၀၁၇ - ၂၀၂၀)ကို ရေးဆွဲအကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိသည်။

လူကုန်ကူးမှုအန္တရာယ်များကို ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးခြင်း၊ ရုပ်မြင်သံကြားတွင် အသိပညာပေး ဇာတ်လမ်းနှင့် တေးသီချင်းများ ထုတ်လွှင့်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေ ခြင်း၊ အသိပညာပေးကြော်ငြာများစိုက်ထူခြင်း၊ မိုဘိုင်းဖုန်းအော်ပရေတာများမှ တစ်ဆင့် SMS များပေးပို့ခြင်း၊ အခြေခံပညာ ကျောင်းသင်ခန်းစာများတွင် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်အား ထည့်သွင်းပို့ချပေးခြင်း၊ လူကုန်ကူးမှုနှင့် လူကုန်ကူးခံရသူများအား အချိန်မီကယ်တင်နိုင်ရေးအတွက် ၂၄ နာရီ သတင်းပေး တိုင်ကြားနိုင်သည့် အရေးပေါ်ဖုန်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မူဆယ် မြို့များတွင် တပ်ဆင်ဖော်ထုတ်ခြင်း၊ အရေးယူခြင်းနှင့် ကယ်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ရွှေ့ပြောင်းသွားလာမည့် အလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများအား သတင်းအချက်အလက်များ မျှဝေနိုင်ရန်နှင့် အသိပညာပေးနိုင်ရန် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဗဟိုဌာနများ ဖွင့်လှစ်ပေးထားသည်။

သို့ဖြစ်ရာ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် နည်းပညာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့်အတွက် နည်းပညာအသုံးပြု သတင်းဖလှယ်ရေးလုပ်ငန်းများ၊ စုံစမ်းထောက်လှမ်း အရေးယူမှုများအား ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဟန်ချက်ညီညီဖော်ဆောင်နိုင်လျှင် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုလျော့နည်းကျဆင်း ထိန်းချုပ်နိုင်မည်ဟုယုံကြည်ပါကြောင်း။ ။