နေပြည်တော် နိုဝင်ဘာ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စစ်ဆူဖတ်ထရာ ဆရီမိုင်းသရီဖိတပ်၏ နေရာတွင် မစ္စတာမုံခွန်းဝိစစ်စတန်အားခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
မစ္စတာ မုံခွန်းဝိစစ်စတန်ကို ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၁၄ရက်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံသမားဆတ်တက္ကသိုလ်မှ နိုင်ငံတကာရေးရာဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကိုလည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ကိုလည်းကောင်းရရှိခဲ့သည်။
မစ္စတာ မုံခွန်းဝိစစ်စတန်သည် ၁၉၉၁ ခုနှစ်တွင် ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၌ သံအရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟနွိုင်းမြို့ထိုင်းနိုင်ငံသံရုံး၊ အိုဆာကာမြို့ ထိုင်းနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးနှင့် ပေကျင်းမြို့ထိုင်းနိုင်ငံသံရုံးတို့၌ ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ မစ္စတာမုံခွန်း ဝိစစ်စတန်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်သည်။
သတင်းစဉ်