Skip to main content

(၁၂)ကြိမ်မြောက် အာဆီယံ+၃ ကူးစက်ရောဂါဗေဒဆိုင်ရာသင်တန်းကွန်ရက်၏ ကြီးကြပ်ရေးကော်မတီအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်

နေပြည်တော် နိုဝင်ဘာ ၂၀

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့တွင် နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အတွင်းကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံ+၃ ကူးစက်ရောဂါဗေဒဆိုင်ရာ သင်တန်းကွန်ရက်၏ ကြီးကြပ်ရေးကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်စားလှယ်နှစ်ဦးသည် ယနေ့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် ဘရူနိုင်းနိုင်ငံသို့ ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

အာဆီယံ+၃ ကူးစက်ရောဂါဗေဒဆိုင်ရာ သင်တန်းကွန်ရက်သည် လေးကြိမ်မြောက် အာဆီယံနိုင်ငံများရှိ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး၏ရလဒ်အဖြစ် ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသင်တန်းကွန်ရက်၏ ကြီးကြပ်ကော်မတီတွင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်ကြောင်းနှင့် ရည်ရွယ်ချက်များအနေဖြင့် ကူးစက်ရောဂါများနှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန် အတွေ့အကြုံနှင့်သတင်း အချက်အလက်များမျှဝေရန်၊ ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းများပေးရန် အစရှိသည်တို့ပါဝင်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခြင်းကြောင့် ဒစ်ဂျစ်တယ်ကျန်းမာရေးစနစ်သည် မရှိမဖြစ်လိုအပ်ကြောင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သက်သေပြလျက်ရှိရာ ယခုနှစ်တွင်ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံ+၃ ကူးစက်ရောဂါဗေဒဆိုင်ရာ သင်တန်းကွန်ရက်၏ ကြီးကြပ်ရေးကော်မတီအစည်းအဝေးတွင် ဒစ်ဂျစ်တယ် ကျန်းမာရေးနည်းပညာကို နိုင်ငံများအကြားဆက်သွယ်ခြင်း၊ သတင်းအချက်အလက် မျှဝေခြင်း၊ ကူးစက်ရောဂါရှာဖွေခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းနှင့် ကာကွယ်ဆေးများထိုးနှံပေးခြင်း ကိစ္စရပ်များတွင် ထိရောက်စွာ အသုံးပြုနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်