နေပြည်တော် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ပြည်သူ့ဆေးရုံ၌အခြေပြု၍ ဒေသခံပြည်သူ ၂,၀၁၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၃၃ ဦး၊ ခွဲစိတ်ရောဂါ ၃၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၆ ဦး၊ ကလေးရောဂါ ၉၂ ဦး၊ အရိုးရောဂါ ၂၇၆ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၆၇ ဦး၊ မျက်စိရောဂါ ၄၈၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၉ ဦး၊ စုစုပေါင်း ၂,၀၁၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၅ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး၊ ဓာတ်မှန်ရိုက်လူနာ ၁၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၈ ဦး၊ ECG ဖြင့်နှလုံးစမ်းသပ်လူနာ ၆၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၎င်းအပြင် ငရုတ်ကောင်းမြို့၊ ပြည်သူ့ဆေးရုံ၌ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူး ခန့်မင်းညို ဦးဆောင်ပြီး ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာနေ ဦးဝေသူအောင်၏ ဇနီးဖြစ်သူ ဒေါ်ဝင်းဖန့်သူကို ခွဲစိတ်မွေးဖွားပေးခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၁ မိနစ်ခန့်တွင် သမီးမိန်းကလေး တစ်ဦး(၇ ပေါင် နှင့် ၇ အောင်စ)ကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး သမီးငယ်သံလွင်မေဦးဟု အမည်ပေးခဲ့ကာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးမှ ကိုယ်စားပေးအပ်ခဲ့သည်။ အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဦးဆုံးမွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၏ ဆေးကုသပေးမှုသမိုင်း မှတ်တမ်းတွင် ၁၇ ဦးမြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။