နေပြည်တော် နိုဝင်ဘာ ၁၆
၂ဝ၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများ ဒုတိယနေ့အဖြစ် ယနေ့နံနက် ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သက်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ကျင်းပသည်။
တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ များဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ် အားကစားခန်းမ၌ ကီလိုတန်းအလိုက်ရှုံးထွက်ပွဲစဉ် ပြိုင်ပွဲများကိုလည်းကောင်း၊ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ပြေး၊ခုန်၊ပစ်ပြိုင်ပွဲမှ အမျိုးသား/ အမျိုးသမီး မီတာ ၃၀၀၀ တားဆီးကျော်ပြေးပြိုင်ပွဲ၊ အမျိုးသားတုတ်ထောက်ခုန်ပြိုင်ပွဲ၊ အမျိုးသား ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ အမျိုးသမီး ခုနစ်မျိုးစုံအလျားခုန်ပြိုင်ပွဲ၊ အမျိုးသမီးကြိုးတပ် သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသမီး ခုနစ်မျိုးစုံ လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး ခုနစ်မျိုးစုံ မီတာ ၈၀၀ အပြေးပြိုင်ပွဲ လူရွေးပွဲနှင့် ဗိုလ်လုပွဲစဉ်များကိုလည်းကောင်း၊ ဂျူဒို ပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(A)၌ အမျိုးသား/ အမျိုးသမီး ကီလိုတန်းအလိုက် ရှုံးထွက်ပွဲစဉ်များ ကိုလည်းကောင်း၊ ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(B)၌ အမျိုးသား/ အမျိုးသမီးအုပ်စုပတ်လည် ပြိုင်ပွဲများကိုလည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(C)၌ အတိုက် တစ်ဦးနှင့်အခံနှစ်ဦး ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲနှင့် လက်ထောက်နည်းပြအဆင့် တုတ်ရှည်ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲ၊ အတိုက်ပွဲစဉ်တွင် အမျိုးသား ကီလိုတန်းအလိုက် ဗန်တိုအတိုက်ပြိုင်ပွဲ၊ ပန်ကြပ် ဆီလပ်ပြိုင်ပွဲ၊ ဓားတစ်လက် အတိုက်ပြိုင်ပွဲ၊ ဓားနှစ် လက်အတိုက်ပြိုင်ပွဲများကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှ အလွတ်တန်းနှစ်ယောက်တွဲ အသင်းလိုက် အုပ်စုပတ်လည်ပွဲစဉ်များနှင့် အလွတ်တန်း လေးယောက်တွဲအသင်းလိုက် အကြိုဗိုလ်လုပွဲစဉ် ပြိုင်ပွဲများနှင့် ကရာတေးဒိုပြိုင်ပွဲတွင် လူသစ်တန်း ကီလိုတန်းအလိုက် ကုမိတဲ့ပြိုင်ပွဲများကို လည်းကောင်း ယှဉ်ပြိုင်ကစားကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲ ဒုတိယအကြို ဗိုလ်လုပွဲကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု (ခ)ဘောလုံးအသင်းနှင့် အနောက်တောင်တိုင်းစစ် ဌာနချုပ်ကိုယ်စားပြု(ခ) အသင်းတို့သည် ယနေ့ ညနေပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု(ခ)အသင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု (ခ)အသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်