နေပြည်တော် နိုဝင်ဘာ ၁၆
နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့်တေးသံရှင်များက နိုင်ငံကျော်တေးသံရှင်များ နှင့်အတူ နေပြည်တော်ရှိ ဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိရာ နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီခွဲ တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၂)၌ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအတွက် ကျင်းပ သည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ သွားရောက် ဖျော်ဖြေတင်ဆက်ကြသည်။
အမှာစကားပြောကြား
အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ထို့နောက် ညစာစားပွဲနှင့် ဖျော်ဖြေပွဲ ကို ဆက်လက်ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တေးသံရှင် များက မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့်လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးကိုယ်တိုင် ပါဝင်သီဆိုတီးခတ် မှုဖြင့်လည်းကောင်း၊ တစ်ခန်းရပ်တေးသရုပ်ဖော်ဖြင့် လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ အဉ္ဇလီအငြိမ့်အဖွဲ့မှ ခေါင်းဆောင်မင်းသမီး မြတ်ဆုချယ်၊ ရှေ့ထွက်မင်းသမီး မြတ်သဇင်သင်း၊ လူရွှင်တော် စောမင်းနောင်၊ ဇင်ဝိုင်း၊ မျိုးကျော်သူ၊ စိုင်းစည်သူနှင့် ကျော်မင်းစိုးတို့က အငြိမ့်ကပြမှုဖြင့်လည်းကောင်း၊ နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြသည့် မိုးယံဇွန်နှင့် ဝေလျှံတို့က တေးသီချင်းများဖြင့်လည်းကောင်း၊ တယောပညာရှင် ဂျူးဂျူးကေ၏ ဖျော်ဖြေမှုဖြင့် လည်းကောင်း တင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များက ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဝန်ထမ်းများနှင့်အတူ ညစာသုံးဆောင်ကြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့်တေးသံရှင်များ၊ နိုင်ငံကျော်အနုပညာရှင် များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဖျော်ဖြေရေးအစီအစဉ်ကို ကျန်ဝန်ကြီး ဌာနများနှင့် အဖွဲ့အစည်းအသီးသီးသို့လည်း ဆက်လက်သွားရောက်ပြီး ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်