ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ၂၅ ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းအောက်သို့ ကျဆင်း
(၁၆-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၅-၁၁-၂၀၂၂) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁၆-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၇၃၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၀) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၆၉) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၅၅၇,၇၅၄)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၂,၈၆၅) ဦး ရှိပြီဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၆၄) ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၀၇,၂၀၆) ဦးရှိပြီ ဖြစ်ပါသည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၈၆) ဦး ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၅-၁၁-၂၀၂၂) ရက်နေ့အထိ အသက်(၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၇၄၆,၂၄၆) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေ စုစုပေါင်း (၆,၇၂၁,၅၃၄) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်ပါသည်။
ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွား၊ သေဆုံးမှုအနေဖြင့် လျော့နည်းကျဆင်းလာလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်မှ နေ့စဉ်ဓာတ်ခွဲစစ်ဆေးမှုများ၌ ရောဂါပိုးတွေ့ရှိမှု အနေဖြင့် (၂၅) ရက်ဆက်တိုက် (၂) ရာခိုင်နှုန်းအောက်သို့ ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။
သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ် ဆေးထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချ နိုင်ကြောင်းကို တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာတွင် နေထိုင်မှုပုံစံသစ် (New Normal) နည်းလမ်းအား လိုက်နာ၍ နေထိုင်ရမည် ဖြစ်သဖြင့်-
- အသက် (၅) နှစ်နှင့်အထက် ပြည်သူများအားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီး (၆)လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်၊
- အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊
- လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော (အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောရန်၊
- လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊
- တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊
- ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန