Skip to main content

ဘုရားသုံးဆူနယ်မြေအတွင်းရှိ သဗြုမိုင်းတွင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော် နိုဝင်ဘာ ၁၆

ဘုရားသုံးဆူနယ်မြေအတွင်းရှိ သဗြုမိုင်းတွင်းဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား မေးမြန်းထားသည်များ ဖြေကြားမှုကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ ဗိုလ်ချုပ်ရှင့် -

ဘုရားသုံးဆူနယ်မြေအတွင်းမှာရှိတဲ့ သဗြုမိုင်းတွင်းကို တပ်ဘက်ကနေ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး သတင်းတွေမှာ တွေ့နေရပါတယ်။ ဒီမိုင်းတွင်းဟာ အစိုးရရဲ့ခွင့်ပြုချက် နဲ့ ဆောင်ရွက်နေတဲ့ မိုင်းတွင်းတွေဆိုပြီး တချို့မီဒီယာတွေက စွပ်စွဲ နေပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးသူတွေထဲမှာမှ နိုင်ငံခြားသားတွေပါ ပါဝင်နေတယ်လို့ မီဒီယာတချို့ကလည်း သတင်းရေးသားဖော်ပြ နေတာတွေ တွေ့ရပါတယ်ရှင်။ ဒါနဲ့ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို သိလိုပါတယ် ဗိုလ်ချုပ်ရှင်။

ဖြေ ။   ။ “ပထမဦးဆုံးပြောချင်တာကတော့ ဒီဒေသမှာ ဘုရားသုံးဆူ သဗြုမိုင်းတွင်းဒေသမှာ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း၊ သတ္တုရှာဖွေရေးလုပ်ငန်းမရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။ ယခင်ကတော့ ရှိခဲ့ဖူးပါတယ်။ ယခင် ကတော့ အဲဒီမှာ ၂၀၁၆ ခုနှစ် မတိုင်ခင်တုန်းက ရှိခဲ့ဖူးပါတယ်။ တချို့မိုင်းတွင်းတွေရှိပါတယ်။ သဗြုသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်ကလုပ်တဲ့ မိုင်းတွင်းတချို့ ရှိခဲ့ဖူးတယ်။ အခြားကုမ္ပဏီဘက်ကလုပ်တဲ့ မိုင်းတွင်းတချို့ရှိခဲ့ဖူးတယ်။ သူတို့သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာဖြစ်တယ်။

စာချုပ်သက်တမ်းကုန်ဆုံးတဲ့အတွက် သူတို့အနေနဲ့ ဆက်လက်ပြီးလုပ်ကိုင်ရန် အစိုးရကို လျှောက်ထားတယ်။ အစိုးရအနေနဲ့ကလည်း မိုင်းတွင်းတွေနဲ့ ပတ်သက်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အတွက်ကြောင့် ပယ်ဖျက်ခဲ့ပြီးဖြစ်တယ်။ ပယ်ဖျက်ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့် အကြောင်းကြားစာအနေနဲ့ မိုင်းတွင်းတွေကို အကြောင်းကြားပြီးဖြစ်တယ်။ မိုင်းတူးဖော်ရေး၊ သတ္တုတူးဖော်ရေးကုမ္ပဏီကို အကြောင်းကြားခဲ့ပြီးဖြစ်တယ်။ သဗြုသတ္တုတူးဖော်ရေးကုမ္ပဏီ လီမိတက်ကို အကြိမ်ကြိမ်အကြောင်းကြားခဲ့တယ်။ အထောက်အထားအရ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ သြဂုတ်လ ၁၁ ရက်နေ့မှာ လုပ်ငန်းဖျက်သိမ်းတဲ့ အကြောင်းကို အကြောင်းကြားခဲ့တာရှိတယ်။ အဲဒီနောက်ပိုင်းမှာ KNU တပ်မဟာ(၆)နဲ့ ဆက်စပ်ပြီး အဲဒီလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်တယ်။ တချို့ မီဒီယာတွေမှာလည်း ကျွန်တော်တွေ့ပါတယ်။ တရားဝင်ခွင့်ပြုထားတဲ့ မိုင်းတွင်းဆိုပြီး စွပ်စွဲဖော်ပြနေတာရှိပါတယ်။ အဲဒီမှာ လုပ်နေတဲ့သူတွေက ပိုပြီးအသိဆုံးဖြစ်ပါလိမ့်မယ်။ အဲဒီ နောက်ပိုင်းမှာတော့ KNU တပ်မဟာ(၆)နဲ့ ညှိနှိုင်းပြီးတော့ တရားမဝင် သတ္တုခိုးတူးမှုလုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီ ဒေသက KNU တပ်မဟာ(၆)ရဲ့ လှုပ်ရှားမှုနယ်မြေဖြစ်တယ်။ အဲဒီနယ်မြေမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ပြီး ဖြစ်တယ်။

အဲဒီအထက်မှာရှိတဲ့ ကနဲလေး - မော်ခီးလမ်းမှာဆိုရင် လမ်းဆောက်လုပ်ရေး အလုပ်လုပ်နေတဲ့ အရပ်သား (ကျား၊ မ၊ ကလေး ၁၀ ယောက်အပါအဝင်) ၄၇ ယောက်ကို KNDO အဖွဲ့က ဖမ်းဆီး သွားတာရှိတယ်။ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ထားတဲ့ အလောင်း ၂၅ လောင်းကို တွေ့ရတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကြိတ်ရွာမှာရှိတဲ့ ကင်းစခန်း/လုံခြုံရေးစခန်းကို KNU တပ်မဟာ(၆) နဲ့ PDF အကြမ်းဖက်တွေက တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီဒေသမှာ ဥကရစ်ထစခန်းလို ဖြစ်စဉ်မျိုးတွေ အပေါ်ဘက်မှာ ဖြစ်ခဲ့တာတွေရှိတယ်။ ဘုရားသုံးဆူဒေသတစ်ဝိုက်မှာ နှောင့်ယှက်ပစ်ခတ်မှုတွေ၊ ဘုရားသုံးဆူလမ်းကြောင်းတစ်လျှောက်မှာလည်း တိုက်ခိုက်မှုတွေ ရှိခဲ့တယ်။ ဒီဒေသမှာ တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းကိုလည်း KNU တပ်မဟာ(၆) ကပဲ ဦးစီးဆောင်ရွက်နေတာဖြစ်ပါတယ်။

တချို့မီဒီယာကတက်လာတဲ့ ဓာတ်ပုံတွေမှာလည်း ပြောက်ကျား ဝတ်စုံတွေ ထင်ထင်ရှားရှားနဲ့ တွေ့ရပြီး KNU တပ်မဟာ(၆)ကလို့ ယူဆရတဲ့သူတွေပါတယ်။ သူတို့စွပ်စွဲချက်ပေါ့။ ကျွန်တော်တို့ အနေနဲ့ကတော့ လုံခြုံရေးအရ တရားမဝင်လုပ်ကိုင်ပြီး အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် လုံခြုံရေးအရ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ခုနကပြောတဲ့ နိုင်ငံခြားသားတွေ သေနေတယ်ဆိုတဲ့ သတင်းမျိုးတွေလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ရှိခဲ့ရင်လည်း ဒါတွေသည် တရားမဝင်လုပ်ငန်းကို လာရောက်လုပ်ကိုင်နေထိုင်သူတွေပဲဖြစ်ပါတယ်။ အဲဒီလူတွေ ဘယ်လိုရောက်လဲ၊ ဘယ်သူတွေက ခေါ်လာလဲဆိုတာ အဲဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ KNU တပ်မဟာ(၆) မသိဘဲနဲ့ ရောက်လာစရာ အကြောင်းမရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်”ဟု ဖြေကြားခဲ့သည်။