Skip to main content

ပန်းခင်းစီမံချက်သည် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်

နေပြည်တော် နိုဝင်ဘာ ၁၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယပြည်နယ် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်က ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် “ဝ” အထူးဒေသအတွင်း ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ် ဦးစီးမှူးရုံးများ၏ နိုင်-၄ နှင့် အိမ်ထောင်စုလူဦးရေ စာရင်းပါ အချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်း၍ ရုံးချုပ် Server သို့ ပေးပို့ဆောင်ရွက်ပြီးစီးမှု၊ ခရိုင်/မြို့နယ်အလိုက် မြေပြင် လူဦးရေစာရင်းအား ဆက်စပ်ဌာနများနှင့် တိုက်ဆိုင်စစ်ဆေးပေါင်းစပ် ဆောင်ရွက်နေမှုနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးပြီး မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်တွင် သတ်မှတ်ကာလပြည့် ပြီဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားကတ် ထုတ်ပေးရန် ကျန်ရှိနေသူများအတွက် ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် ဆက်လက်ဆောင်ရွက် ကြရန် ဖြစ်ပါကြောင်း၊ ထို့အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) “ဝ” အထူးဒေသအတွင်း ဆောင်ရွက် ရန်ကျန်သည့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အား ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် ဆက်လက်ဆောင် ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် နောင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးနိုင်ရေးအတွက် မဲစာရင်းမှန် ကန်ရေးသည်လည်း မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပါကြောင်း။

ထို့ကြောင့် တိကျမှန်ကန်သော မဲစာရင်းဖြစ်စေရေးအတွက် မိမိတို့ဌာနအပါအဝင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ်ကာမြေပြင် လူဦးရေစာရင်းများတိုက်ဆိုင် စစ်ဆေးအတည်ပြု ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား သက်ဆိုင်ရာ နယ်မြေဒေသအလိုက် ဌာနဆိုင်ရာများ ပေါင်းစပ်စုဖွဲ့ကာ မြေပြင် ကွင်းဆင်းကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ လက်ရှိဖြည့် သွင်းပြီးဖြစ်သည့် နိုင်-၄ နှင့် အထစပါအချက်အလက်များနှင့် ပတ်သက်၍လိုအပ်သည့် အချက်အလက်များကို ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ မှတ်တမ်းများဖြင့်သော်လည်း ကောင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံသည့် မှတ်တမ်းများဖြင့် သော်လည်းကောင်း စနစ်တကျ တိုက်ဆိုင်စစ်ဆေး ဖြည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော် အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပြီးလုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး သတိအမြဲရှိရန်နှင့် အချင်းချင်းရင်းနှီးချစ်ကြည်စွာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်းဖြင့် ရှင်းလင်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လားရှိုးခရိုင်ဦးစီးမှူး ရုံးသို့သွားရောက်၍ ရုံးအဆောက်အဦ အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လားရှိုးမြို့နယ် ဦးစီးမှူးရုံးသို့ရောက်ရှိရာ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေဦးက မြို့နယ်အတွင်း ပန်းခင်းစီမံချက်နှင့် မဲစာရင်းမှန်ကန်ရေး ဆောင်ရွက်နေမှု၊ နိုင်-၄ နှင့် အထစကို ကွန်ပျူတာအတွင်း ဖြည့်သွင်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေး၍ မြို့နယ် ရုံးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဝန်ထမ်းများက ကွန်ပျူတာများဖြင့် နိုင်-၄ နှင့် အထစများ ဖြည့်သွင်း စိစစ်ဆောင်ရွက်နေမှု၊ မှတ်တမ်းခန်းအတွင်း လူတစ်ဦးချင်းစီ၏ ကိုယ်ရေးမှတ်တမ်းများ သိမ်းဆည်းထားရှိမှုနှင့် ရုံးဝင်းအတွင်းရှိ ရုံးအဆောက်အဦ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်