ရန်ကုန် နိုဝင်ဘာ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီဒွါဒသမအစည်းအဝေး ပထမ နေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင် ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် ဆရာတော် ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွား ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေး မှူးချုပ်များနှင့်အရာထမ်း/ အမှု ထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာဓဇက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
အစည်းအဝေးအထမြောက်
ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
သြဝါဒကထာကိုမြွက်ကြား
ဆက်လက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာ ရာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူသည်။
(သာရဏီယ သြဝါဒကထာကို စာမျက်နှာ ၇ တွင် သီးခြားဖော်ပြ ထားပါသည်)
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာ ရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ ၏ကိုယ်စား တွဲဖက်အကျိုးတော် ဆောင်ဆရာတော်၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစရိယက တင်သွင်းလျှောက်ထားပြီး အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ ၏စတုတ္ထအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို အဖွဲ့ဝင်ဆရာတော်များက ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။
ဝေဖန်ဆွေးနွေးဆုံးဖြတ်
ဆက်လက်၍ ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ သာသနာရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ ဒွါဒသမ အစည်းအဝေး၊ ပထမနေ့၊ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပပြီး သာသနာရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား အရုဏ်ဆွမ်းအလှူရှင်အဖြစ် ဒေါ်ပြုံးဝေသီ (သဒ္ဓမ္မဇောတိကဓဇ)၏ မွေးနေ့ကုသိုလ်အထိမ်းအမှတ်နှင့် နေ့ဆွမ်းအလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)၊ ဇနီး ဒေါ်ကြိုင်ကြိုင် အမှူးပြုသည့် ဓမ္မမိတ်ဆွေများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်