နေပြည်တော် နိုဝင်ဘာ ၁၆
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကို ရှေးရှု၍ နိုင်ငံအတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်နှင့် ပြည်ပနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်နိုင်ရန်အတွက် စီးပွားရေးသံမှူးများက အထူးကြိုးပမ်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ပြည်ပနိုင်ငံများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှုးများကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေးတို့ကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ စီးပွားရေးသံမှူးများကို ပြည်ပနိုင်ငံများသို့ စေလွှတ်တာဝန်ထမ်းဆောင်စေလျက်ရှိကြောင်း၊ စီးပွားရေးသံမှူးများသည် ကုန်သွယ်ရေးသာမက နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သည့် အခြားစီးပွားရေး ကဏ္ဍများအတွက်ပါ အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း နိုင်ငံ၏စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု လမ်းညွှန်မှာကြားထားမှု ရှိပါကြောင်း၊ သို့ဖြစ်ရာ နိုင်ငံကိုယ်စားပြု သွားရောက်တာဝန်ထမ်းဆောင်ကြခြင်းဖြစ်၍ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ဆောင်ရွက်ကြရာတွင် နိုင်ငံတော်၏ ပကတိအခြေ အနေမှန်များကို သေချာစွာ အသိပေးရှင်းပြပေးကြစေလိုကြောင်း၊ ထို့ပြင် ပြည်ပတွင်သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ လွှဲပို့ငွေများကို တရားဝင်ဘဏ်လမ်းကြောင်းဖြင့် လွှဲပို့နိုင်ရေးကိုလည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ရောက်ရှိ တာဝန်ထမ်းဆောင်သော နိုင်ငံအပြင် အခြားကမ္ဘာ့နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်လာစေရန် ကြိုးပမ်းကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်းတို့က ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်