Skip to main content

မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် နိုဝင်ဘာ ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် ဘားအံမြို့နယ် ကော့ခမိတ်ကျေးရွာအနီး ဘားအံ-အိန္ဒုသွားကားလမ်းတွင် ထွန်းမြတ်ဝင်း(ခ)ဂျိုကာမောင်းနှင်ပြီး ကျော်ရာဇာမင်းလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၇၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ည ၁၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ငဖဲမြို့နယ် ပဒါန်းကျေးရွာရှိ ပဒါန်း(ပျဉ်းဝ) ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် HYUNDAI အမျိုးအစားခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ နှင့် ငွေကျပ် ၂၄ ဒသမ ၆၅ သိန်းကိုလည်းကောင်း။ ထို့အတူ ယင်းနေ့နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် KING LONG အမျိုးအစား ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၁ ကီလို ကိုလည်းကောင်း။

အလားတူ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် ညနေ ၄ နာရီတွင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စိုင်းမောင်ထွန်း(ခ)မောင်ထွန်း မောင်းနှင်လာသည့် SUPER CUSTOM အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်