နေပြည်တော် နိုဝင်ဘာ ၁၅
နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် နိုဝင်ဘာ ၁၄ ရက် နံနက် ၅ နာရီ ခွဲခန့်တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် သတင်းအရ ကဒါရဲကင်းစခန်း၏ အရှေ့ဘက်မီတာ ၃၀၀ ခန့်အကွာ၌ စောင့်ဆိုင်းနေစဉ် ချောင်းနှစ်ခွ - မုဒုံလမ်းအတိုင်း မသင်္ကာဖွယ်အမျိုးသားနှစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီးအား တားဆီးရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မုဒုံဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက်အမှတ် (၁၀)နေဉာဏ်ထက်ကို (၂၁)နှစ်နှင့် မော်လမြိုင်မြို့ ဘင်လှိုင်ရပ်ကွက်နေ စည်သူဖြိုး (၂၂)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ PDF အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သည့် စာရွက်စာတမ်းများ၊ ၎င်းတို့ကိုင်ဆောင်သည့် ဖုန်းများအတွင်းမှ PDF အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများအား တွေ့ရှိခဲ့ရသည်။
ဖမ်းဆီးရမိသူများအား ထပ်မံစစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့နှင့်ဆက်စပ်သည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက် ဇေယျာ(၃)လမ်းရှိ အငှားတိုက်ခန်းတွင် ရောက်ရှိလျက်ရှိကြောင်း သိရှိရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန်သွားရောက်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် အဆိုပါတိုက်ခန်း၏အရှေ့သို့ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင်ရမ်းသန်းပစ်ခတ် ခဲ့သဖြင့် မော်လမြိုင်မြို့ ဂွေးကုန်းရပ်ကွက်နေ ဦးကျော်မိုး(၃၁)နှစ်နှင့် ဇေယျာသီရိရပ်ကွက်နေ ဦးဟိန်းကိုဦး(၃၂)နှစ်တို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
၎င်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းလျက်ရှိသည့် အဆောက်အအုံအား ဝိုင်းပတ်ပိတ်ဆို့ထားရှိပြီး ဇေယျာ(၃)လမ်းရှိ လူနေအိမ်များမှ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေးအတွက် ဘေးလွတ်ကင်းသည့်နေရာသို့ ရွှေ့ပြောင်းမှုများဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အမည်ခံအကြမ်းဖက်သမားများအား လက်နက်ချအညံ့ခံရန် ပြောဆိုခဲ့ရာ လက်နက်ချခြင်းမရှိဘဲ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်၍ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ည ၇ နာရီ ၂၅ မိနစ် ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများဖြစ်သည့် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်နေ သန့်ဇင်လင်း(ခ)မျက်နှာမဲ (၁၈)နှစ်၊ ကျိုက်မရောမြို့ ရှင်စောပုရပ်ကွက်နေ ဇော်ထက်အောင်(ခ) ဆံရှည်(၃၀)နှစ်၊ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်နေ ကျော်သက်ဦး (၂၂)နှစ်၊ ဖြိုးကို အောင်(၂၃)နှစ်၊ ထက်အောင်(ခ)သခေါ(၂၀)နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နေ နှင်းကလျာ (ခ) ပိုးလေး (၁၆)နှစ်တို့အား တူကီယဲနိုင်ငံထုတ် Zoraki အမျိုးအစား ပစ္စတိုသေနတ်နှစ်လက်၊ ချက်စ်နိုင်ငံထုတ် CZ အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၉ မမကျည် ၅၂ တောင့်၊ ပစ္စတိုကျည်အိမ်သုံးခု၊ ယမ်းဘူးငါးဘူး၊ ဒေသန္တရလက်လုပ်မိုင်းကိုးလုံး၊ ပစ္စတို အပစ်လက်ကိုင်တစ်ခု၊ လက်ကိုင်ဖုန်း သုံးလုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ဖမ်းဆီးရမိ PDF အမည်ခံအကြမ်းဖက်သမား အမျိုးသားခုနစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အပြစ်မဲ့ပြည်သူ အမျိုးသားနှစ်ဦးတို့အား နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိသည်။ အဆိုပါ ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူနှစ်ဦးအနက် ဦးဟိန်းကိုဦး (၃၂)နှစ်သည် ဆေးကုသမှုခံယူနေစဉ်အတွင်း ရရှိဒဏ်ရာများဖြင့် ည ၈ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိ PDF အမည်ခံအကြမ်းဖက်သမားများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်သူများကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့/ရွာများ အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်