Skip to main content

တရားမဝင်ကျွန်းသစ်၊ ဓာတ်မြေသြဇာ၊ မိုဘိုင်းဖုန်း၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၇၂၀၀၀၀)ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် အင်းတော်မြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်နှစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၃ ရက်တွင် တိုင်းဒေသကြီးအကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့ကပြင်ဦးလွင်-မန္တလေးလမ်း မိုင်တိုင်အမှတ် ၁၇ မိုင် ၃ ဖာလုံတွင် လားရှိုးမြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်တင်သွင်းခွင့် အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းမျိုးစုံ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၄၀၀၀၀၀)နှင့် အဆိုပါကုန်စည်များတင်ဆောင်လာသည့် Foton Truck အမျိုးအစားမော်တော်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀)ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၄ ရက်တွင် ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်တင်သွင်းခွင့် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဓာတ်မြေသြဇာအိတ် ၁၅၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan UD အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၁၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၉၀၀၀၀၀ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ နိုဝင်ဘာ ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ခရီးသည်ဝန်စည်များနှင့်အတူ ရော‌နှောသယ်ဆောင်လာသော တင်သွင်းခွင့်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မိုဘိုင်းဖုန်း(အဟောင်း) ၃၄ လုံး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဦးဆောင်သော စစ်‌ဆေးရေးအဖွဲ့ကစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီ-ဘားအံ-ရန်ကုန်သွားကားလမ်း ပဲခူးစက်မှုဇုန်ရှေ့တွင် မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၄၀၉၁၀)နှင့် အဆိုပါပစ္စည်းများတင်‌ဆောင်လာသည့် နောက်တွဲယာဉ်တစ်တွဲနှင့် Cheng Long Tractor Head အမျိုးအစားမော်‌တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၁၄၀၉၁၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တောင်ကြီးမြို့(၄)မိုင် သစ်တောပူးပေါင်းစစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှင့်စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆၇၀၀၀၀)နှင့်အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၆၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ နိုဝင်ဘာ ၁၅ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကြာဆံအပြာ ဖာ ၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦး‌ဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း တရားမဝင်ကျွန်းသစ်ခွဲသား ၁၉ ဒသမ ၇၅၃၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၆၆၆၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၃ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၃၆၄၇၅၃၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်