နေပြည်တော် နိုဝင်ဘာ ၁၅
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၂) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အချိန်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများပါ စီးပွားရေးအရ၊ လူမှုရေးအရ တိုက်ရိုက်အကျိုးသက်ရောက်မှုကို ခံစားခဲ့ရကြောင်း၊ အထူးသဖြင့် ကမ္ဘာ့စီးပွားရေးသည် အဆိုးရွားဆုံးအခြေအနေသို့ ကျရောက်ခဲ့သကဲ့သို့ တစ်ဦးချင်းဝင်ငွေများလည်းကျဆင်းသွားခဲ့ကြောင်း၊ လူသန်းပေါင်းများစွာသည် အလွန်ဆင်းရဲသည့်အခြေအနေသို့ ကျရောက်ခဲ့ရကြောင်း၊ အဆိုးရွားဆုံးထိခိုက်ခဲ့သည်မှာ ကမ္ဘာ့ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူသုံးကုန်ပစ္စည်းတင်ပို့မှုနှင့် ပြင်ပဘဏ္ဍာငွေကိစ္စရပ်များ ထိခိုက်နစ်နာမှုအကြီးမားဆုံးဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ကဏ္ဍအသီးသီးရှိလုပ်ငန်းများရပ်နားရခြင်း၊ အနည်းဆုံးနှင့်အကျဉ်းဆုံး လုပ်ငန်းပြန်စနေရခြင်း စသည့် အကန့်အသတ်များကြောင့် အလုပ်အကိုင်အခွင့်အလမ်းရရှိမှုကိုလည်း ထိခိုက်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့်ကျန်းမာရေးကဏ္ဍများတွင် အခြားနိုင်ငံများနှင့်အတူခံစားခဲ့ရကြောင်း၊ အထူးသဖြင့် ငွေကြေးအရင်းအနှီးအားနည်းသည့် MSME လုပ်ငန်းများ ပိုမိုထိခိုက်ခံစားခဲ့ရပြီး ယခုအချိန်တွင် နိုင်ငံတော်က ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရသည့်လုပ်ငန်းများကို ကဏ္ဍအလိုက်ချေးငွေများထုတ်ချေးထားပြီး ချေးငွေကာလကိုလည်း သက်တမ်းထပ်မံတိုးမြှင့်ပေးထားကြောင်း၊ နိုင်ငံ့စီးပွားရေးလုပ်ငန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးအတွက် အဓိကမောင်းနှင်အားလည်းဖြစ်ကြောင်း။
ဝိုင်းဝန်းကြိုးပမ်းကြရန်လို
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ SME Member Card ထုတ်ပေးထားသည့်လုပ်ငန်းပေါင်း ၄၀၉၂၉ ခုရှိပြီး ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင်ထားသည့်လုပ်ငန်းများအနက် အသေးစားနှင့်အလတ်စားလုပ်ငန်း သတ်မှတ်ချက်ဖြင့်ကိုက်ညီသော လုပ်ငန်းများသည်လည်း ၄၅၀၀၀ ကျော်ရှိကြောင်း၊ ထို့ပြင် အခြားဝန်ကြီးဌာန ၁၃ ခုရှိဦးစီးဌာနများ၌ မှတ်ပုံတင်ထားသည့် လုပ်ငန်း ၂၅၃၀၀၀ ကျော်ရှိသည်ကို စာရင်းများအရ သိရကြောင်း၊ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် MSME များ၏ အခန်းကဏ္ဍသည်များစွာ အရေးကြီးကြောင်း၊ မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ ဆက်လက်ရှင်သန်နေရန်နှင့် လုပ်ငန်းများလည်ပတ်နေရန် အထူးလိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ ၏အားသာချက်အပေါ်အခြေခံပြီး အသုံးချတတ်မည်ဆိုပါက အခွင့်အလမ်းကောင်းများရရှိလာနိုင်ကြောင်း၊ အခွင့်အလမ်းအနေဖြင့် တစ်ကမ္ဘာလုံးတွင် စားသောက်ကုန်ဆိုင်ရာထုတ်ကုန်များ လိုအပ်နေသည့်အတွက် နည်းပညာကောင်းများသုံးစွဲပြီး အန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဆန်းသစ်တီထွင်သည့် ထုတ်ကုန်များထုတ်လုပ်လာနိုင်ရေး၊ ကမ္ဘာ့တန်ဖိုးမြှင့်ကွင်းဆက်နှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းထုတ်လုပ်မှုကွန်ရက်များသို့ ဝင်ရောက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရန်လိုအပ်ကြောင်း။
ကပ်ရောဂါကြောင့် စားသုံးသူများ၏ အပြုအမူနှင့် လိုအပ်ချက်များလည်းပြောင်းလဲလာသည့်အတွက် MSME များအနေဖြင့် ဈေးကွက်သုတေသနရလဒ်များကို လေ့လာဆောင်ရွက်ရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာကို မဖြစ်မနေသုံးစွဲနိုင်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း၊ သို့သော် MSME များအနေဖြင့် လက်ရှိအချိန်ထိ ဒစ်ဂျစ်တယ်နည်းပညာကို ထုတ်လုပ်မှုအပိုင်း၊ ဈေးကွက်မြှင့်တင်ရေးအပိုင်းနှင့် ကုန်သွယ်ငွေလွှဲသည့် နေရာများတွင် ကျွမ်းကျင်စွာသုံးစွဲရန် ခက်ခဲနေဆဲဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် MSME များ အခွင့်အရေးများလက်ဝယ်ရရှိနိုင်ရန်နှင့် စိန်ခေါ်မှုများကို အတူတကွဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
E-Government စနစ်တွင် အလိုအလျောက်ပါဝင်
ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်၍ e-ID စနစ်မှစ၍ E- Government အထိ သွားရောက်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစနစ်များ ပြီးစီးသည့်အချိန်တွင် MSME လုပ်ငန်းများ၏ ဈေးကွက်သုတေသနလုပ်ငန်း၊ ဒစ်ဂျစ်တယ်နည်းပညာ ဖြင့်ဆောင်ရွက်ရသည့်လုပ်ငန်း၊ ထုတ်လုပ်မှုအပိုင်း၊ ဈေးကွက်မြှင့်တင်ရေးနှင့်ရှာဖွေရေးအပိုင်း၊ ကုန်သွယ် ငွေလွဲမှုအပိုင်းများသည် အစိုးရမှလက်ရှိဆောင်ရွက်နေသည့် E-Government စနစ်တွင် အလိုအလျောက် ပါဝင်သွားမည်ဖြစ်ကြောင်း။
အထောက်အပံ့အားလုံးကို ရယူခံစားခွင့်ရှိ
မိမိတို့အနေဖြင့် MSME အေဂျင်စီဖွဲ့စည်းပြီးလိုအပ်သည့် လုပ်ထုံးလုပ်နည်းများအားလုံးပြီးစီးချိန်တွင် မှတ်ပုံတင်ထားခြင်းမရှိသေးသည့် MSME လုပ်ငန်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် Online မှ မှတ်ပုံတင်ပေးနိုင်ရေး အေဂျင်စီများကလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခု အစည်းအဝေးတွင်လည်း အေဂျင်စီများနှင့်ပတ်သက်၍ တရားဝင်ဖွဲ့စည်းဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဒစ်ဂျစ်တယ်နည်းပညာဖြင့် မိမိတို့လုပ်ငန်းများကို မှတ်ပုံတင်ထားမှသာလျှင် နိုင်ငံတော်ကပံ့ပိုးပေးမည့် ငွေကြေးအရင်းအနှီးနှင့် အခွန်အခသက်သာခွင့်အပါအဝင် အထောက်အပံ့အားလုံးကို ရယူခံစားခွင့်ရှိမည်ဖြစ်ကြောင်း။
ထို့ပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် မိန့်ကြားသွားသကဲ့သို့ MSME လုပ်ငန်းများအတွက် အဓိကကျသော လိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ ကျွမ်းကျင်လုပ်သား၊ အရင်းအနှီးစသည့်အချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းသွားရန်လိုကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်များအတွင်း MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် လုပ်ငန်းရှင်များ၏ တင်ပြချက်များအနေဖြင့် ကဏ္ဍ ၇ ခုတွင် စုစုပေါင်း ၉၅ ချက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါတင်ပြချက်များကို တစ်ချက်ချင်း ဆက်လက်အကောင်အဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ကျစ်လျစ်စွာ ဖွဲ့စည်းထားခြင်းဖြစ်
မိမိတို့လုပ်ငန်းကော်မတီသည် MSME ဗဟို ကော်မတီမှချမှတ်သည့်မူဝါဒများနှင့် MSME လုပ်ငန်းလုပ်ကိုင်သူများအကြား ပေါင်းကူးသဖွယ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ လုပ်ငန်းရှင်များ၏ လက်တွေ့လိုအပ်ချက်၊ အခက်အခဲ၊ လိုအပ်သည့်အကြံဉာဏ် နည်းပညာပေးခြင်း၊ လက်ခံခြင်း၊ ဖြည့်ဆည်းပေးခြင်းစသည်တို့ကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်ပေးရမည့် ကော်မတီတစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍လည်း ဝန်ကြီးဌာနအများစုအပါအဝင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းတို့မှ တာဝန်ရှိသူတို့ဖြင့် ကျစ်လျစ်စွာဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီအဖွဲ့ဝင်တိုင်းသည် နိုင်ငံတော်၏စီးပွားရေးကဏ္ဍလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရေး MSME ဗဟိုကော်မတီနှင့် MSME လုပ်ငန်းရှင်များအား အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များအပေါ်ပေးထားသည့် လုပ်ငန်းတာဝန်များကြားမှ အားသွန်ခွန်စိုက် ကြိုးပမ်းထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရမည့်ကော်မတီဖြစ်၍လည်း တာဝန်ဝတ္တရားများကြီးမားသကဲ့သို့ အဆိုပါတာဝန်ဝတ္တရားများ ကျေပွန်စွာထမ်းဆောင် နိုင်စေရေးအတွက်လည်း လုပ်ငန်းကော်မတီဝင်အားလုံးမှ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံ့ GDP ကို မြှင့်တင်ရေးဆောင်ရွက်
ထို့ပြင် ဒေသဆိုင်ရာအေဂျင်စီများအနေဖြင့် လစဉ်လုပ်ငန်း ဆောင်ရွက်ချက်များကိုလုပ်ငန်းကော်မတီသို့ ပေးပို့တင်ပြသွားရမည်ဖြစ်ပြီး လုပ်ငန်းကော်မတီမှတစ်ဆင့် ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ ဒေသအသီးသီးရှိ အလားအလာကောင်းသည့် ကုန်ကြမ်းများ၊ လယ်ယာ၊ သား၊ ငါး ထွက်ကုန်များကို နည်းပညာစက်ပစ္စည်းအကူအညီဖြင့် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်ပေါ်ရေး၊ တန်ဖိုးကွင်းဆက် မြှင့်တင်နိုင်ရေးတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ပြီး နိုင်ငံ့ GDP ကိုမြှင့်တင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
သက်ဆိုင်ရာအမှာစာများကို ဖတ်ကြား
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က သက်ဆိုင်ရာအမှာစာများကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုချက်ရယူနိုင်ရန် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ပြခန်းများကိုကြည့်ရှု
ထို့နောက် စက်မှုဝန်ကြီးဌာန၊ မူဝါဒနှင့်ပြည်ပရေးရာဌာန၊ နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ပြခန်းများကိုကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်