Skip to main content

လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အကျိုးမပြုနိုင်သည့်ကြေညာချက်

လူကုန်ကူးမှုနှင့်ပတ်သက်၍ နိုင်ငံခြားအစိုးရများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် အမေရိကန်သမ္မတ၏ အဆုံးအဖြတ်ကြေညာချက်အမှတ် ၂၀၂၃ - ၀၂ ကို အမေရိကန်သမ္မတ အိမ်ဖြူတော်ကပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အမေရိကန်လွှတ်တော်က ၂၀၀၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဥပဒေပါ အနိမ့်ဆုံးစံနှုန်းများအတိုင်း သို့မဟုတ် စံနှုန်းများနှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းအားထုတ်မှုအနည်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် “၂၀၂၂ ခုနှစ်အတွက် လူကုန်ကူးမှုအစီရင်ခံစာ”တွင်လည်း မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အနိမ့်ဆုံးစံချိန်စံနှုန်းများကိုပင် ပြည့်မီခြင်းမရှိဘဲ အထူးကြိုးပမ်းမှုမရှိသည့် နိုင်ငံများစာရင်း- TIER(3) တွင် အပြောင်းအလဲမရှိ ဆက်လက်ဖော်ပြထားခဲ့ရာ အိမ်ဖြူတော်၏ ကြေညာချက်က ၎င်းအတိုင်း ဆက်လက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာအပါအဝင် အာဖဂန်နစ္စတန်၊ ဂီနီဘစ်ဆော၊ အီရန်၊ တရုတ်နှင့် တောင်ဆူဒန်တို့ကို အမေရိကန်က ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ကုန်သွယ်ရေးဆိုင်ရာမဟုတ်သော အကူအညီများကို ပေးအပ်မည်မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

လူကုန်ကူးမှုသည် ကမ္ဘာတစ်ဝန်းလုံးတွင်ဖြစ်ပွားနေပြီး လူကုန်ကူးဂိုဏ်းများ၏ နှစ်စဉ်ဝင်ငွေမှာလည်း အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာရှိသည်။ လူကုန်ကူးမှုတွင် မူရင်းနိုင်ငံ (Source Country) တစ်ခုတည်းနှင့်သာ ဖြေရှင်း၍မရဘဲ ဆိုက်ရောက်နိုင်ငံ (Destination Country)ကပါ ဟန်ချက်ညီညီဖြေရှင်းနိုင်ဖို့လိုသည်။ လူကုန်ကူးရာတွင် အဓိကအားဖြင့် လုပ်အားကိုခေါင်းပုံဖြတ်ရန်နှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ရန်ဟူသော ရည်ရွယ်ချက်နှစ်ရပ်ရှိကြပြီး မူရင်းနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု၊ နိုင်ငံရေးပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခများဖြစ်ပွားမှု၊ အလုပ်အကိုင်နှင့်အခွင့်အလမ်းများ ကင်းမဲ့နေမှုစသည်တို့ကြောင့် ဘဝရပ်တည်ရန်ခက်ခဲလာသူများကို ပစ်မှတ်ထားကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည်နှင့်အမျှ လူကုန်ကူးမှု၏ ဆိုးကျိုးများကို ပိုမိုခံစားရသည်။

မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ထားပြီး (၅)နှစ်စီမံကိန်းများ‌ရေးဆွဲ၍ နှစ်အလိုက်လုပ်ငန်းစီမံချက်များဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ လူကုန်ကူးမှုပပျောက်ရေးဘက်ပေါင်းစုံမှ ကြိုးပမ်းရာတွင် ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အိုင်အန်ဂျီအို၊ အန်ဂျီအိုများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ တစ်ဖက်တွင်လည်း လူကုန်ကူးမှုများ၏ သဘောသဘာဝပြောင်းလဲမှုများနှင့် စိန်ခေါ်မှုအသစ်များလည်းဖြစ်ပေါ်လာသည်။ ကိုဗစ်-၁၉နှင့် ပြည်တွင်းရှိဒေသအချို့တွင် မငြိမ်မသက်မှုများက စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် စားဝတ်နေရေးတို့အပေါ် အကျိုးသက်ရောက် ဖြစ်ပေါ်ခြင်းနှင့်အတူ လူကုန်ကူးမှုဆီသို့ တွန်းအားပေးမှုများရှိလာမည်ဖြစ်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးကို ပိုမို၍အာရုံစိုက်ကြိုးပမ်းရမည့် အခြေအနေဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဟုအမည်ခံကာ အချုပ်အခြာအာဏာပိုင်နိုင်ငံများကို အမည်တပ်၍ စာရင်းပြုလုပ်ဖော်ပြနေခြင်းသည် နိုင်ငံများအပေါ် အဆင့်အတန်းခွဲခြားမှု သက်သက်သာဖြစ်သည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးသည် ပူးပေါင်းဆောင်ရွက်ရမည့်အရေးသာဖြစ်ပြီး ဖြတ်တောက်ခြင်း၊ တားဆီးခြင်း၊ ပိတ်ဆို့ခြင်း ကဲ့သို့သောနည်းလမ်းများက ပြောင်းပြန်အကျိုးသက်ရောက်မှုသို့သာ ဦးတည်နိုင်စေမည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်