Skip to main content

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော် နိုဝင်ဘာ ၁၅

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ယနေ့နေ့လယ်ပိုင်းတွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်းအခမ်းအနားကို ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကလောတပ်နယ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူနှင့်၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၁ ဦးအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်း၏မိဘအုပ်ထိန်းသူထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ  နယ်မြေခံသင်တန်းကျောင်း အနော်ရထာခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်းအခမ်းအနားကို ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်း၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၁ ဦး၊ ပုသိမ်ကြီးမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ မဟာအောင်မြေမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၃ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသမီး ၁ ဦးနှင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင်အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦး တို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရကထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။