နေပြည်တော် နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာရှိ ဆိုင်ကလုန်းရှပ်တာ(Cyclone Shelter)တွင် အခြေပြု၍ဒေသခံပြည်သူ ၁၁၁၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၆၈ ဦး၊ ခွဲစိတ်ရောဂါ ၆၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၁ ဦး၊ ကလေးရောဂါ ၃၃ ဦး၊ အရိုးရောဂါ ၁၈၁ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၇ ဦး၊ မျက်စိရောဂါ ၃၁၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၂ ဦး၊ စုစုပေါင်း ၁၁၁၈ ဦးတို့ကိုလိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄ ဦးတို့ကို ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၁၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၄ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၃၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့်လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။