မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေးကိုကြည့်လျှင် အင်အားကြီးနိုင်ငံကြီး တစ်နိုင်ငံ၏ ကမ္ဘာ့နိုင်ငံများကြားတွင် ဝင်ရောက်စွက်ဖက်မှုအမျိုးမျိုးကို မြင်တွေ့နိုင်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်ပတ်သက်၍လည်း ဝင်ရောက်စွက်ဖက်လျက်ရှိသည့်အပြင် လောကသဘာဝအရ အင်အားကြီးသူဘက် လိုက်ပါလေ့ရှိရာ မြန်မာနိုင်ငံအပေါ်တွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့ကပါ ဖိအားပေးစွက်ဖက်မှုများ ပြုလုပ်ကြသည်ကို တွေ့ရမည်ဖြစ်သည်။
လက်ရှိတွင် မိသားစုသဖွယ်အစဉ်အဆက် လက်တွဲဆက်ဆံခဲ့သော အာဆီယံအဖွဲ့သည်ပင် ဘက်လိုက်မှုများရှိလာသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံကို တာဝန်ယူနေသော တည်ဆဲအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ၊ အစိုးရအင်္ဂါရပ်များနှင့်အညီ ဆောင်ရွက်နေသည့် တရားဝင်အစိုးရဖြစ်သည်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အထူးသဖြင့် မိသားစုဝင် အာဆီယံအသင်းကြီးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာလေးစားလိုက်နာလျက်ရှိပြီး တာဝန်သိအာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံ၏ အရေးကိစ္စများတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အကြိမ် (၄၀)နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးများအပြီးတွင် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အား ထုတ်ပြန် ခဲ့ရာတွင် အာဆီယံမူနှင့်မကိုက်ညီသည့် ဘက်လိုက်ဆုံးဖြတ်မှုများကို တွေ့ရပါသည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ တောင်းဆိုမှုအရ အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ ပြဋ္ဌာန်းချက်များဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများအကြား အဆင့်တူတန်းတူကိုယ်စားပြုရေး “မူ” နှင့်သွေဖည်၍ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ ယခုကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အခြေခံမူများကို တိကျစွာ လိုက်နာလျက်ရှိသဖြင့် ယခုကဲ့သို့ အဖွဲ့ဝင်မြန်မာနိုင်ငံအား တန်းတူရည်တူမဆက်ဆံဘဲ ခွဲခြားဆက်ဆံသောလုပ်ရပ်အပေါ် လက်ခံနိုင်ခြင်းမရှိသဖြင့် အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်ခြင်းမပြုလုပ်ခဲ့ပါ။ အာဆီယံ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံ၏ ဖြစ်စဉ်အမှန်တရားနှင့် ကင်းကွာလျက်ရှိခြင်း၊ အာဆီယံ၏ တူညီဆန္ဒ(၅) ချက်အပေါ် မြန်မာနိုင်ငံမှ ကြိုးစားအားထုတ် ဆောင်ရွက်ပေးခဲ့မှုများကို အပြုသဘော ဆောင်ဖော်ပြမှုမရှိခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကို ချန်လှပ်ထားပြီး အာဆီယံ(၉)နိုင်ငံဖြင့်သာ ဆွေးနွေးသဘောတူခဲ့ခြင်းသည် အာဆီယံပဋိညာဉ် စာတမ်းပါ အခြေခံမူများနှင့် ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါဆုံးဖြတ်ချက်နှင့်သုံးသပ်ချက်များကို လက်ခံမည်မဟုတ်သည့် အပြင် ပြတ်သားစွာပယ်ချခဲ့သည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိသော မြန်မာအစိုးရနှင့် တပ်မတော်အား ရည်ညွှန်းရာ၌ မသင့်လျော်သည့် အသုံးအနှုန်းများ အသုံးပြုခဲ့သည်။ မြန်မာနိုင်ငံအား တည့်မတ်ခိုင်မာကောင်းမွန်လာအောင် ဆောင်ရွက်ချက်များကို မျက်ကွယ်ပြုပြီး အဖျက်အမှောင့်လုပ်ရပ်များ၊ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်၍ နေ့စဉ်ဖျက်ဆီးနေသည့် NUG နှင့် PDF အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ရန် ရည်ညွှန်းပြောကြားချက်များမှာ စိတ်ပျက်ဖွယ်ဖြစ်သည်။ တရားမဝင်အဖွဲ့အစည်း၊ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်ခြင်းသည် အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံရာရောက်သည့် အပြင် အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ် ၂ ပါ အခြေခံ“မူ”များကိုလည်းကောင်း၊ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာအာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း များကိုလည်းကောင်း ဖောက်ဖျက်ရာရောက်နေသည်။
မြန်မာနိုင်ငံက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုသည် တိုးတက်မှု မရှိဟု အကြောင်းပြလျက် အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံပါဝင်မှုကို ပိုမိုကန့်သတ်ပိတ်ပင်ရန် ကြိုးစားခြင်းသည် အာဆီယံအသိုက်အဝန်း အကောင် အထည်ဖော်မှုကို အတားအဆီးများဖြစ်စေသည့်အပြင် မြန်မာနိုင်ငံအာဆီယံအဖွဲ့ဝင် ဖြစ်ခဲ့သည့် ၁၉၉၇ ခုနှစ်မှစ၍ တက်ကြွစွာပါဝင်ဆောင်ရွက်မှုများကို လျစ်လျူရှု မျက်ကွယ်ပြုနေသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ သို့ဖြစ်ရာ အာဆီယံအနေဖြင့် အခြေခံမူများကို လေးစားလိုက်နာလျက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် အခြားနိုင်ငံတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သတိပြုဖို့လိုပြီး ထိုသို့ဆောင်ရွက်ခြင်းကြောင့် အာဆီယံစည်းလုံးညီညွတ်မှုနှင့်ဗဟို အချက်အချာကျပြီး အရေးပါအရာရောက်မှုအပေါ် ဆိုးကျိုးသက်ရောက်နိုင်ပါကြောင်း။ ။