Skip to main content

အမြဲတမ်းတည်ရှိနေမည့် တိုင်းပြည်အတွက် အား

အကြမ်းဖက်ဖောက်ခွဲမှု၊ သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများ၊ အုပ်စုဖွဲ့ခါးပိုက်နှိုက်၊ လုယက်လူသတ်မှု ကျူးလွန်ခဲ့သူများကို ပြည်သူများ၏ သတင်းပေး ပူးပေါင်းပါဝင်ကူညီမှုများဖြင့် အစုလိုက် အပြုံလိုက်၊ တစ်မှုပြီးတစ်မှု ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသည်။ ဤသည်မှာ အကြမ်းဖက်မှုကို မလိုလားသော၊ ရပ်ရွာအေးချမ်းသာယာ တည်ငြိမ်မှုကိုသာ လိုလားသော ပြည်သူလူထု၏ သဘောထားကို ထင်ထင်ရှားရှား ပြသနေခြင်းပင်ဖြစ်သည်။

ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေကြသူများက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေစေရန်၊ ဖြစ်နိုင်ပါက ပြည်တွင်းစစ်မီး တဟုန်းဟုန်းတောက်လောင်ပြီး အလုံးစုံပျက်သုဉ်းစေရန်အထိ ရည်ရွယ်ကာ ပြည်ပမှနေ၍ သွေးထိုးလှုံ့ဆော်မှုများ၊ အဖျက်လုပ်ရပ်များအတွက် အားပေးထောက်ပံ့မှုများ ပြုလုပ်လျက် ရှိကြသည့်အပြင် ဘုရားဖူး၊ ခရီးသွား၊ ပျော်မှုရွှင်မှုတို့ မပြုလုပ်ကြရန် ပိတ်ပင်မှု၊ ခြိမ်းခြောက်မှုတို့ ပြုလုပ်ခဲ့ကြသည်။ ပြည်တွင်း၌ရှိနေသည့် ၎င်းတို့၏ နောက်လိုက်အကြမ်းဖက် အုပ်စုများကလည်း သာသနိကနယ်မြေအတွင်းမှာပင် ဘုရားဖူးခရီးသည်တို့ကို ပစ်ခတ်သတ်ဖြတ်ပြခဲ့သည်။ သို့စေကာမူ ပြီးခဲ့သည့် ကထိန်ရာသီ၊ တန်ဆောင်တိုင်ပွဲတော် ကာလ၊ ကျောင်းပိတ်ရက် ရုံးပိတ်ရက်ကာလတွင် ဘုရားကျောင်းကန် စေတီပုထိုးများ၌ ကုသိုလ်ဘာဝနာပြုသူများနှင့် စည်ကားခဲ့သည့်အပြင် အပန်းဖြေစရာနေရာများ၌လည်း ပျော်ရွှင်စွာ အပန်းဖြေသူများနှင့် စည်ကားခဲ့သည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် ပြည်တွင်းနိုင်ငံရေး အခြေအနေများ၏ ရိုက်ခတ်မှုများကြောင့် စီးပွားရေးအရ ရုန်းကန်အားထုတ်ကြိုးပမ်းနေရမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှု၊ လုယက်သတ်ဖြတ်မှုများ ရှိနေသည့်တိုင် မြန်မာပီပီ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းကာ အပေါင်းလက္ခဏာဆောင်သည့် အပြုအမူများဖြင့် နိုင်ငံအတွင်း အေးချမ်းတည်ငြိမ်မှုကို နိုင်ငံသူ နိုင်ငံသားတို့က ထိန်းသိမ်းမြှင့်တင်ခဲ့ကြခြင်းသာ ဖြစ်သည်ဟု ရှုမြင်မိသည်။ ထို့အပြင် တည်ငြိမ်အေးချမ်းမှုရှိမှသာ စီးပွား‌ရေး၊ လူမှုရေး၊ ပညာရေးတို့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ လက်ရှိမိမိတို့အားလုံး ဖြတ်သန်းနေကြရသည့် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေရသည့် လုပ်ငန်းစဉ်များမှာလည်း ချောမွေ့နိုင်မည်ဖြစ်သည်။

ယခုဖြစ်ပေါ်နေသည့် အရေးပေါ်အခြေအနေမှာ တိုင်းရင်း သားလက်နက်ကိုင်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေဖြစ်သဖြင့် အခြေအနေချင်း မတူညီကြောင်း၊ ပြည်သူနှင့်တပ်မတော် ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်ခြင်းသည် တိုင်းပြည်၏ အနာဂတ်အတွက် အကောင်းဆုံးဖြစ်ကြောင်း၊ တပ်မတော်သည် အမြဲတမ်းတည်ရှိနေမည်ဖြစ်သကဲ့သို့ ပြည်သူများသည်လည်း အမြဲတမ်းတည်ရှိနေမည်ဖြစ်ကြောင်း၊ စုစည်းညီညွတ်မှုအားသည် တိုင်းပြည်၏ အားဖြစ်ကြောင်း၊ တိုင်းပြည်၏ စုစည်းညီညွတ်မှုများ မပြိုကွဲရေး တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၉/၂၀၂၂) တွင် ပြောကြား ခဲ့သည်။

နိုင်ငံ၏ အနာဂတ်ကို အကောင်းဆုံး၊ အလှပဆုံး ပုံဖော်ထုဆစ်နိုင်ရန်အတွက် နိုင်ငံတွင် အမြဲတမ်းတည်ရှိနေမည့် အင်အားစုများဖြစ်သော ပြည်သူနှင့်တပ်မတော်တို့ စုစည်း ညီညွတ်စွာဖြင့် ဦးထမ်းပဲ့ထမ်း၊ တစ်စိတ်တည်း တစ်ဝမ်းတည်း ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။