Skip to main content

အမိုနီယမ်နိုက်ထရိတ်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် နိုဝင်ဘာ ၁၃

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာအနီးတွင် အောင်သန့်ဇင် (ခ) အောင်ကို မောင်းနှင်ပြီး ဝေနိုင်ထူးနှင့် မအိစန္ဒာအောင် (ခ) အိအိတို့ လိုက်ပါလာသည့် Isuzu အမျိုး အစား ၁၂ ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အမိုနီယမ်နိုက်ထရိတ် ၁၃၂၆၆ ကီလို၊ မြန်မာငွေကျပ် ၆ ဒသမ ၅ သိန်းကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ် ည- ရပ်ကွက် သုနန္ဒာလမ်းနှင့် ဘုမ္မာလမ်းထောင့်တွင် နေငြိမ်းဇော်(ခ) ဘုမောင်နှင့် မောင်မောင်ဦး(ခ)မောင်မောင်တို့ နှစ်ဦးအားမသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကိုလည်းကောင်း။

အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် ညနေ ၅ နာရီခွဲ တွင် လားရှိုးမြို့နယ် ခါးသျှိ ကျေးရွာအနီး တန့်ယန်း - လားရှိုး သွား ကားလမ်းတွင် ကျင်းဟော်မောင်းနှင်လာသည့် Toyota Alphard အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုကို လည်းကောင်း၊ ထို့အတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် ည ၇ နာရီခွဲတွင် ရပ်စောက်မြို့နယ် ပါမဲကျေးရွာ အုပ်စု ညောင်ပင်သာကျေးရွာ အနီး ရပ်စောက် - ကျောက်ဂူသွား ကားလမ်းတွင် နိုင်ဝင်းထွန်းမောင်းနှင်လာသည့် Fuso အမျိုး အစား ၁၂ ဘီး မော်တော်ယာဉ်နှင့် စိုင်းမျိုး မောင်းနှင်ပြီး တင်ကိုကိုဝင်း လိုက်ပါလာသည့် Nissan အမျိုးအစား ၁၂ ဘီးမော်တော် ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေ ရာ Fuso အမျိုးအစား မော်တော် ယာဉ်ပေါ်မှ Toluene လီတာ ၂၇၀၀၊ Ethyl acetate လီတာ ၃၁၂၀၊ Calcium Carbonate ၂၄၇၅ ကီလိုနှင့် Nissan အမျိုး အစား မော်တော်ယာဉ်ပေါ်မှ Toluene လီတာ ၇၅၀၊ Coloro form လီတာ ၄၈၀၀၊ Calcium Carbonate ကီလို ၂၅၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ ည ၁၁ နာရီတွင် တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဟိုတယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်ခိုင်းသူ သန်းလင်း(ခ)အရှည်ကြီးနှင့် နှင်းကိုကိုတို့အား Toyota Surf အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား