ရန်ကုန် နိုဝင်ဘာ ၁၃
လူဖြစ်ပါက အသက်မွေးဝမ်းကျောင်းပညာကို တတ်ကျွမ်းရမည်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာဟုဆိုရာတွင် သမာအာဇီဝကျကျ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမအလုပ်သည် အနန္တောအနန္တငါးပါးတွင် ပါဝင်သည့် မွန်မြတ်သော အလုပ်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် ဂုဏ်သိက္ခာအရမြင့်မားပြီး ဂုဏ်ယူဖွယ်ကောင်းသူများ ဖြစ်သည့်အတွက် မိမိတို့ တပည့်များ၏ဘဝကို ကောင်းမွန်သည့် အနာဂတ်များ ပိုင်ဆိုင်နိုင်စေရန် ဖန်တီးပေးရမည် ဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။
နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ရှိ ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း ပညာရတနာခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် ထက်၊ လယ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၂/၂၀၂၂)သို့ သင်ခန်းစာ ဆွေးနွေးပို့ချရာတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
အမြဲတမ်းသင်ယူလေ့လာ
ဆက်လက်၍ ဒုတိယဝန်ကြီးက နိုင်ငံနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူငယ် မျိုးဆက်သစ်များ၊ အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် ပညာတတ်များ မဖြစ်မနေလိုအပ်ပါ ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား မျိုးချစ်စိတ်၊ နိုင်ငံ ချစ်စိတ်ရှိအောင် လောကနီတိ၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်များကို စည်းကမ်းတကျ လိုက်နာနိုင်သော ယဉ်ကျေးလိမ္မာသည့် ပညာတတ် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်အတွက် လေ့ကျင့်ပျိုးထောင် သင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် အမြဲတမ်း သင်ယူလေ့လာနေရမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ၏ အလေ့အကျင့်ကောင်းများကို လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း။
လေ့လာဆည်းပူး
အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံးကို ပညာသင်ကြားပေးရန် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သို့ဖြစ်၍ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသော အစဉ်အလာကောင်းကို ထိန်းသိမ်းရန်၊ နိုင်ငံသားတိုင်း တွေးခေါ်ဆင်ခြင် သုံးသပ်နိုင်စွမ်းနှင့် အမြော်အမြင်ရှိစေရန်၊ တိုင်းပြည်ချစ်စိတ်များ ကိန်းအောင်းစေရန် ဆရာ ဆရာမများတွင် တာဝန်ရှိပါကြောင်း၊ သင်တန်းတွင် ပို့ချသည့်ပညာရပ်များကို အလေးထားလိုက်နာပြီး မိမိတို့၏ ခံယူချက်၊ စိတ်ဓာတ်နှင့် ကျင့်ဝတ်သိက္ခာများ၊ အသိပညာ၊ အတွေးအခေါ်များ မြင့်မားလာစေရေး စနစ်တကျ သင်ယူလေ့လာကြ ရမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့် အတွက် ရုံးလုပ်ငန်းများ၊ စီမံဘဏ္ဍာလုပ်ငန်းများနှင့် မိမိတို့၏တာဝန် ဝတ္တရားများကိုလည်း လေ့လာဆည်းပူး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားပို့ချသည်။
တက်ရောက်
အဆိုပါ ထက်၊ လယ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းကို အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထက်၊ လယ် ကျောင်းအုပ် ဆရာ ဆရာမ ၃၀၀ တက်ရောက်ခဲ့ကြသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများသည် မင်္ဂလာဒုံမြို့နယ် အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း(မင်္ဂလာဒုံ) အောင်ဆန်း သူရိယလှသောင်း ကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်