မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေးတက္ကသိုလ်များအပါအဝင် နိုင်ငံတစ်ဝန်း၌ ပညာရေးဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများအပါ ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ နေပြည်တော်တွင် သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေးတက္ကသိုလ်တို့ ဖွင့်လှစ်ထားသည်။ မကြာသေးမီက နေပြည်တော်တွင် Naypyitaw State Academy ကို ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ နည်းပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည့် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ရာ နေပြည်တော်သည် ပညာရေးမြို့တော်အဖြစ် ပုံပေါ်လာပြီဖြစ်သည်။
နေပြည်တော် ဒေသခံပြည်သူများ၏ သားသမီးများနှင့် အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသား ကျောင်းသူများအတွက် သင်ကြား၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ အဆင့်မြင့်အင်ဂျင်နီယာ ပညာရပ်များကို လေ့လာသင်ယူခွင့်ရရှိစေရန်၊ ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးနိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ပြီး နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းလာမည်ကို မျှော်လင့်ကာ နေပြည်တော်နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ မူလကဖွင့်လှစ်ထားသော ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ်များကဲ့သို့ အဆင့်မြင့်တက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး အစိုးရနည်းပညာကောလိပ် (နေပြည်တော်)ကို နည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
နည်းပညာတက္ကသိုလ်များတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဘွဲ့သင်တန်းများအနက် လုပ်ငန်းလိုအပ်ချက်အများဆုံးဖြစ်သည့် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရွန်နစ် အင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးပေးနိုင်သည့် သုတနည်းပညာဘာသာရပ်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ဗိသုကာဘာသာများကို သင်ကြားပေးပြီး အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယခုအခါတွင် နေပြည်တော်နည်းပညာတက္ကသိုလ်၌ နိုင်ငံတော်အတွက် လိုအပ်နေသည့် အင်ဂျင်နီယာ လူငယ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် လုပ်ငန်းလိုအပ်ချက်အများဆုံးဖြစ်သော ဘာသာရပ် ခြောက်ခုကို အတွေ့အကြုံနှင့် အရည်အချင်းပြည့်ဝသော ဆရာ ဆရာမများနှင့် ဘာသာရပ်ကျွမ်းကျင်သူ ပညာရှင်ကြီးများက အိုင်စီတီနည်းပညာကိုအသုံးပြု၍ သင်ကြားပေးသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အဓိကလုပ်ကိုင်နေသော နိုင်ငံဖြစ်သည်။ နိုင်ငံရှိလူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ လိုအပ်နေသည်။ စိုက်ပျိုးရေးအတွက် လိုအပ်သည့် အင်ဂျင်နီယာပညာရပ်များသည် စိုက်ပျိုးထုတ်ကုန် မြှင့်တင်မှုကို များစွာအထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။ “နိုင်ငံတစ်နိုင်ငံကို အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်စေရန်မှာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသကဲ့သို့ နိုင်ငံသူနိုင်ငံသားများ၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်ရန်မှာလည်း အလွန်အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ ထာဝရအဓွန့်ရှည် တည်တံ့ရှင်သန်ရေးအတွက် မြင့်မားသည့် ပညာစွမ်းရည်နှင့် စွမ်းအားများကို တည်ဆောက်နေကြရမည်ဖြစ်သည့်အပြင် မိမိနိုင်ငံကို ချစ်မြတ်နိုးတန်ဖိုးထားသည့် စိတ်၊ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးတတ်သည့်စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားသည့် စိတ်များရှိရန်လည်း အထူးလိုအပ်သည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
နေပြည်တော်တွင် အဆင့်မြင့်တက္ကသိုလ်များ ဖွင့်လှစ်ပေးထားပြီး တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့် ဆရာ ဆရာမများက စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့် ကောင်းမြတ်သည့် စေတနာများဖြင့် အဆင့်မြင့်ပညာများကို သင်ကြားပေးပြီး နိုင်ငံနှင့် လူမျိုးအတွက် စိတ်ဓာတ်အခြေခံကောင်းမွန်သော လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာအောင် မွေးထုတ်ပေးရမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်က ဖွင့်လှစ်သင်ကြားပေးသော အဆင့်မြင့်ပညာတက္ကသိုလ်များတွင် အဆင့်အတန်းမြင့်မားသည့် ပညာရပ်များကို သင်ယူသင်ကြားပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိဒေသအကျိုး၊ မိမိနိုင်ငံတော်အကျိုးတို့ကို သယ်ပိုးထမ်းဆောင်သွားနိုင်မည့် ပညာပြည့်ဝနှလုံးလှသည့် အတတ်ပညာရှင် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားသင်ယူ သွားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နေပြည်တော်တွင် အဆင့်မြင့်ပညာရပ်များအား သင်ကြားသင်ယူနိုင်မည့် တက္ကသိုလ်ကြီးများကို ဖွင့်လှစ်ပေးထားပြီဖြစ်ရာ ပညာအလှပန်းများစုဝေးရာ နေပြည်တော် ပညာ့ရိပ်မွန်ကြီးတွင် ပညာသင်ယူ၊ သင်ကြားကြပြီး နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများအကျိုးကို သယ်ပိုးထမ်းဆောင်ကြစေလိုပါ ကြောင်း။ ။