၁၉၂၀ ပြည့်နှစ် ကောလိပ်သပိတ်သည် သူ့ကျွန်ဘဝကျရောက်နေစဉ်ကာလ နယ်ချဲ့ဗြိတိသျှအစိုးရ၏ ဩဇာအာဏာကို ပထမဆုံးဆန့်ကျင်တော်လှန်ခြင်းဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ် စတင်နိုးကြားတက်ကြွခဲ့ခြင်းဖြစ်ပြီး နောင်တွင်ဆက်လက်ဖြစ်ပေါ်လာမည့် တောင်သူလယ်သမား အရေး တော်ပုံ၊ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်၊ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံ စသည့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများ၏ ကနဦးအစလည်းဖြစ်သည်။
တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးကာလတွင် မြန်မာ ဘုရင်လက်ထက် ပညာရေးစနစ်ဖြစ်သည့် ဘုန်းတော်ကြီးသင် ပညာရေးကြောင့် မြန်မာလူမျိုးစာတတ်မြောက်သူ ၈၅ ရာခိုင်နှုန်းခန့် ရှိခဲ့သော်လည်း ၁၉၂၀ ပြည့်နှစ်တွင် ၃၅ ရာခိုင်နှုန်းခန့်သာ စာတတ်မြောက်ကြတော့သည်။ နယ်ချဲ့အစိုးရကြောင့် ရှိရင်းစွဲပညာရေးစနစ် ပျက်စီးခဲ့ရခြင်းနှင့် ပညာရေးကဏ္ဍအတွက် အားပေးထောက်ပံ့မှု မရှိခြင်းတို့က အဓိက အကြောင်းရင်းခံပင်ဖြစ်သည်။ ကိုလိုနီနယ်ချဲ့တို့အနေဖြင့် မြန်မာ့မြေပေါ်မှရသမျှကို အမြတ်ထုတ်ရန်ကိုသာ ရည်ရွယ်ပြီး လက်အောက်ခံနိုင်ငံနှင့် နိုင်ငံသားတို့ကို ဖွံ့ဖြိုးတိုးတက်လာအောင် မြေတောင်မြှောက်ပေးရန်လည်း အစီအစဉ်မရှိပေ။ ၁၉၁၇ ခုနှစ် အိန္ဒိယရှိ ဒေသအချို့တွင် ဒိုင်အာခီခေါ် ပူးတွဲအုပ်ချုပ်သည့်စနစ်ကို ပေးအပ်သည့်အခါ မြန်မာတစ်နိုင်ငံလုံးတွင် ဘီအေအောင်သူ ဦးရေ ၄၀၀ မပြည့်၍ဟု အကြောင်းပြ ချန်လှပ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် လက်အောက်ခံနိုင်ငံသားတို့ ပညာရေးနိမ့်ကျလေ၊ အုပ်ချုပ်မှုလွယ်ကူ၍ ကျွန်သက်ရှည်လေဟူသော သဘောတရားကို တွေ့ရသည်။
၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ပေါ်ထွက်လာခြင်းသည် မြန်မာတို့က သီးခြားတက္ကသိုလ် တည်ထောင်ပေးရန် တောင်းဆိုမှုများ စတင်ခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ ခန့်နီးနီး ကြာမြင့်ပြီးနောက်မှ မတတ်သာ၍ ပေါ်ထွက်လာရခြင်းဖြစ်သည့်အပြင် တက္ကသိုလ်ပညာရေးကို လက်လှမ်းမမီနိုင်ကြစေရန်၊ ပညာတတ်နည်းနိုင်သမျှနည်းစေရန် ကန့်သတ်မှုများ ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။ ကိုလိုနီပညာရေးစနစ်အရ တက္ကသိုလ်တက်ခွင့်ရသူများအနေဖြင့်လည်း နယ်ချဲ့အစိုးရ၏ အုပ်ချုပ်ရေးယန္တရားအတွက် အထောက်အကူရစေရန်သာဖြစ်ပြီး မြန်မာနိုင်ငံနှင့် နိုင်ငံသားများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်စက်မှုအင်ဂျင်နီယာပညာရပ်များ သင်ကြားပေးရန် ရည်ရွယ်ခြင်းမရှိပေ။ ကိုလိုနီခေတ်ပညာရေးနှင့် အုပ်ချုပ်ရေးတို့က မြန်မာတိုင်းရင်းသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အောက်ကျနောက်ကျဖြစ်စေခဲ့ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကိုပါ သေးသိမ်စေခဲ့သည်။
၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေကို ကန့်ကွက်ခဲ့သည့် ကောလိပ်သပိတ်သည် အမိနိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာကို ကယ်တင်ခြင်းဖြစ်သလို တစ်နိုင်ငံလုံးတွင် အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်စေခဲ့သည်။ ဝံသာနုရက္ခိတတရားတို့ ထွန်းကားခဲ့ပြီး ဖိနှိပ်ခံကျွန်သပေါက်ဘဝမှ စည်းလုံးညီညွတ်စွာ ရုန်းကန်တွန်းလှန်မှုတို့ အစပြုခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၁၀၂ နှစ်က နယ်ချဲ့အစိုးရလက်အောက်တွင် ဘိုးဘွားတို့ ခုခံတော်လှန်ခဲ့ကြသည့် အမျိုးသားရေးစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အားမာန်တို့သည် မျက်မှောက်ကာလ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်ရေးအတွက်လည်း အဓိကလိုအပ်ချက်များပင်ဖြစ်ရာ အမျိုးသားရေးအမွေအဖြစ် ဆက်လက် ခံယူနိုင်ကြပါစေကြောင်း။ ။