Skip to main content

အချိန်အခါသင့်ကျန်းမာရေးအားလုံးပါဝင်ပေး

ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြစ်သည်။ ဤအဆိုကို လူတိုင်းလက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော် လောကတွင် လူတစ်ယောက်သည် စီးပွားဥစ္စာရှာဖွေနိုင်ပြီး မည်မျှချမ်းသာပါသော်လည်း၊ ရာထူးစည်းစိမ်မြင့်မားပြီး မည်မျှထည်ဝါပါသော်လည်း ကျန်းမာရေးမကောင်းပါက ၎င်းအရာအားလုံးမှာ အချည်းနှီးပင်ဖြစ်ပေလိမ့်မည်။ ကျန်းမာရေးမကောင်းလျှင် စည်းစိမ်ဥစ္စာဂုဏ်ထည်ဝါမှုများ အသုံးမဝင်တော့ပေ။ ကျန်းမာရေးကောင်းမွန်ပါမှ စည်းစိမ်ဥစ္စာဂုဏ်ထည်ဝါမှုများကို ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟုဆိုထိုက်သည်။ ကျန်းမာရေးကောင်းမွန်ပါက ရွှင်လန်းတက်ကြွပြီး အရာအားလုံးကို စိတ်ရှိသလောက်၊ စွမ်းနိုင်သလောက် ဖန်တီးဖော်ဆောင်နိုင်သည်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မိသားစုအသိုက်အဝန်းကို စိတ်ချမ်းမြေ့အောင်ဖန်တီးနိုင်ခြင်း၊ ကျန်းမာရေး ကောင်းမွန်နေခြင်းသည် အရေးပါသည့်အချက်တစ်ခုဖြစ်သည်။ သို့သော် လူတို့အနေဖြင့် မိမိတို့၏ကျန်းမာရေးကို အလေးမမူဂရုမပြုမိကြချေ။ မိမိတို့၏ နိစ္စဓူဝ တစ်နေ့တာရုန်းကန်လှုပ်ရှားမှုများဖြင့်သာ အချိန်ကုန်နေကြသည်။ နည်းပညာ တိုးတက်လာသောကာလတွင် မိမိတို့အားလပ်ချိန်များကို လက်ကိုင်ဖုန်းများဖြင့်သာ အချိန်ကုန်လွန်နေကြသည်။

မျက်မှောက်ကာလတွင် လူတို့၏နေထိုင်မှုပုံစံအသစ်များအရ စားသောက်နေထိုင်မှုများတွင် ကျန်းမာရေးနှင့်မညီညွတ်သော နေထိုင်စားသောက်မှုအလေ့အထများရှိလာကြသည်။ ထိုသို့ နေထိုင်မှုပုံစံများပြောင်းလဲလာခြင်းကြောင့် လူတို့တွင်ကျန်းမာရေးချို့ယွင်းမှုများရှိလာခဲ့သည်။ အချိန်မှန်နေထိုင်လှုပ်ရှားလုပ်ကိုင်ခြင်းမရှိပါက သွေးလေလည်ပတ်ခြင်းနည်းပါးလာပြီး ကျန်းမာရေးထိခိုက်မှုများရှိလာလိမ့်မည်။ အချိန်မှန်နေထိုင်လှုပ်ရှားလုပ်ကိုင်မှုရှိပါက သွေးလေလည်ပတ်မှုကောင်းမွန်ပြီး အစားမှန်၊ အအိပ်မှန် ကျန်းမာခြင်းတည်းဟူသော လာဘ်တစ်ပါးကို ရရှိလာလိမ့်မည်ဖြစ်သည်။

ပြည်သူများအတွက် လွယ်လင့်တကူရရှိနိုင်သော ကျန်းမာရေးနည်းလမ်းမှာ လမ်းလျှောက်ခြင်းပင်ဖြစ်သည်။ အချိန်အခါသင့် ကျန်းမာရေးနည်းလမ်းကောင်းမှာ အေးမြမှုကိုဖြစ်ပေါ်စေသော ဆောင်းကာလတွင် နံနက်စောစောနေ့စဉ် လမ်းလျှောက်ခြင်းဖြစ်သည်။ နိစ္စဓူဝလုပ်ကိုင်မှုများဖြင့် ရှုပ်ထွေးလှသည့် လူတို့အနေဖြင့် နံနက်အချိန်အခါသည် အားလပ်နေသောအချိန်ကာလဖြစ်၍ လမ်းလျှောက်ခြင်းအလုပ်ကို အချိန်ပေးဆောင်ရွက်နိုင်သည်။ မိမိတို့ကျန်းမာရေးအတွက် အချိန်တစ်ခုပေးကာ နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းဖြင့် တစ်ကိုယ်ရေကျန်းမာရေးကို ဖြည့်ဆည်းပေးနိုင်ပေသည်။ ယခုအခါ ဆောင်းရာသီကာလ ဒီဇင်ဘာလမ်းလျှောက်ပွဲများကိုလည်း ကျင်းပတော့မည်ဖြစ်သည်။ ယခုအချိန်မှစ၍ တစ်ဦးချင်း၊ တစ်ယောက်ချင်းလမ်းလျှောက်ခြင်းမှသည် အစုအဖွဲ့လိုက်လမ်းလျှောက်ခြင်းများကို ပြုလုပ်နိုင်ပြီဖြစ်သည်။

နံနက်စောစော နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းသည် စိတ်ကိုရွှင်လန်းချမ်းမြေ့စေသည်။ သွေးလေလည်ပတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အကျိုးရလဒ်များကိုရရှိစေသည်။ မိမိတို့၏ အဝလွန်နေသောကိုယ်ခန္ဓာအလေးချိန်ကို လျော့ကျစေသည်။ နာတာရှည်ရောဂါဖြစ်ပွားမှုကို လျော့ကျစေသည်။ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလျော့ကျစေသည်။ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တားဆီးပေးနိုင်သည်။ သွေးပေါင်ချိန်များနေခြင်းကို လျော့ကျစေပြီး ပုံမှန်သွေးပေါင်ချိန်ဖြစ်စေနိုင်သည်။ လူတို့တွင် ဖြစ်ပွားတတ်သော ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် လေဖြတ်ရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်သည်။ အသက်အရွယ်ကြီးရင့်လာလျှင် ဖြစ်တတ်သော အရိုးပွရောဂါကိုလျှော့ချနိုင်ပြီး အရိုးအဆစ်များကိုသန်မာစေသည်။ ကိုယ်ခံ စွမ်းအားများကို မြင့်မားလာစေနိုင်သည်။ သွေးကြောထုံးခြင်းကိုသက်သာစေပြီး အစာခြေစနစ်ကိုကောင်းမွန်စေသည်။ အသက်ကြီးလာလျှင်ဖြစ်တတ်သော မှတ်ဉာဏ်ယုတ်လျော့ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်သည် စသည့် ကျန်းမာရေး အကျိုးကျေးဇူးများကိုရရှိစေပါသည်။

သို့ဖြစ်ရာ လမ်းလျှောက်ခြင်းသည် ငွေကုန်ကြေးကျမရှိသည့် ဆေးတစ်ပါးဖြစ်သည်။ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများနေသော မျက်မှောက်ကာလတွင် ငွေကုန်ကြေးကျမများစေရန်အတွက် လမ်းလျှောက်ခြင်းဖြင့် ကြိုတင်ကာကွယ်ထားသင့်သည်။ ယခုအချိန်အခါသည် ဆောင်းရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ ပွင့်လင်းရာသီ အေးမြသောကာလ၌ လမ်းလျှောက်ခြင်းဖြင့် ဆုလာဘ်ကောင်းများကိုရရှိအောင် ဖော်ဆောင်သင့်သည်။ မိမိတို့နေ့စဉ်နှင့်အမျှ မွန်းကျပ်မှုများကို နံနက်စောစောပုံမှန်လမ်းလျှောက်ခြင်းဖြင့် ဖြေလျှော့မှုကိုရယူနိုင်ကြပြီဖြစ်သည်။ ကျန်းမာကြံ့ခိုင်သောဘဝများကိုပိုင်ဆိုင်ကာ မိမိတို့အလုပ်အကိုင်ရည်မှန်းချက်များကို တက်ကြွလန်းဆန်းစွာဆောင်ရွက်နိုင်ရန်အတွက် နေ့စဉ်ပုံမှန်လမ်းလျှောက်ကြရမည်ဖြစ်သည်။ ပြည်သူများဘဝ နေ့စဉ်ကျန်းမာဖို့ အားလုံးပါဝင်လမ်းလျှောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။    ။

ကြေးမုံအယ်ဒီတာ့အာဘော်