နေပြည်တော် နိုဝင်ဘာ ၁၂
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဟင်းဟွမ်ကျေးရွာနှင့် နောင်ပင်ကျေးရွာများအတွင်းရှိ နေအိမ်များအား KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဟင်းဟွမ်ကျေးရွာသို့ ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား အင်အား ၁၀ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် ကျေးရွာ၏အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာစဉ် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီခန့်တွင် နောင်ပင်ကျေးရွာသို့ ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား အင်အား ၂၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာရာ လမ်းတစ်လျှောက်ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်နိုင်ရေးကြိုးပမ်းဆောင်ခဲ့သော်လည်း နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။