Skip to main content

(၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၁

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက် တို့တွင် ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများသို့ မြန်မာနိုင်ငံအာဆီယံ စီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

အဖွင့်အမှာစကားပြောကြား

ပြည်ထောင်စု ဝန်ကြီးသည် နိုဝင်ဘာ ၁၀ ရက် နံနက် ၈ နာရီခွဲတွင် ကျင်းပသည့် အာဆီယံစီးပွား ရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါ အခမ်းအနားတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN တက်ရောက် အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက် အဝန်းကောင်စီ အစည်းအဝေးသို့ ဆက်လက်တက်ရောက်သည်။

အစည်းအဝေးတွင်၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေး ဆောင်ရွက်နေသည့် စီးပွားရေး လုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်မှု၊ အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင်၊ စတုတ္ထစက်မှုအသွင် ကူးပြောင်းရေးမူဘောင်၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အစီအစဉ်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေသည့် အစီအစဉ်အကောင် အထည်ဖော်မှု၊ အာဆီယံစီးပွားရေး အသိုက်အဝန်း ကာလလယ် သုံးသပ်ချက်တွင် ပါဝင်သည့် အကြံပြုချက်များအပေါ် ဆက်လက်ဆောင်ရွက်မှုနှင့် ၂၀၂၅ အလွန် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ရေးဆွဲရာတွင် အာဆီယံစီးပွားရေး အသိုက် အဝန်းအနေဖြင့် ထည့်သွင်းမည့် အချက်အလက်များအပေါ် ဆွေးနွေးကြသည်။

 

ထို့ပြင် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီမှ အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တင်ပြမည့် အစီရင်ခံစာနှင့် ၂၀၂၂ ခုနှစ်အတွင်း အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီအနေဖြင့်အတည်ပြုရန်၊ မှတ်တမ်းတင်ရန်ရှိသည့် Document များအပေါ် အတည်ပြုကြပြီး အာဆီယံဥက္ကဋ္ဌကြေညာ စာတမ်းတွင် ထည့်သွင်းမည့် အာဆီယံ စီးပွားရေးမဏ္ဍိုင်ဆိုင်ရာ အချက်အလက်များအပေါ် မှတ်တမ်းတင် ကြသည်။

 

ပါဝင်ဆွေးနွေး

 

အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက ကမ္ဘောဒီးယား နိုင်ငံအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင် ရွက်နေသည့် စီးပွားရေးလုပ်ငန်း စဉ်များအနက် အကောင်အထည်ဖော်နေဆဲ လုပ်ငန်းများကို ရည်မှန်းကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရေးအတွက်ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့များက အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ အာဆီယံ ဒစ်ဂျစ်တယ်စီးပွား ရေးမူဘောင် သဘောတူစာချုပ်အတွက် လေ့လာမှုဆောင်ရွက်ရာတွင် အာဆီယံ၏ လက်ရှိဆောင် ရွက်ဆဲဒစ်ဂျစ်တယ်လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဒစ်ဂျစ်တယ်အဆင်သင့်ဖြစ်မှုကိုပါ ထည့်သွင်းလေ့လာရေး ကိစ္စများကို ပါဝင်ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများအထူး အစည်းအဝေးကို ဆက်လက် ကျင်းပသည်။

အစည်းအဝေးတွင် အာဆီယံ - ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်မှုအတွက် စေ့စပ်ညှိနှိုင်းမှု အပြီးသတ်ကြောင်း ကြေညာနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှု မပြီးပြတ်သေးသည့် ကိစ္စရပ်များကို ညှိနှိုင်းကြသည်။

ထို့နောက် ဒုတိယအကြိမ်မြောက် အာဆီယံ-ယူကေ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပသည်။

တိုးတက်မှုများ မှတ်တမ်းတင်

အစည်းအဝေးတွင်ဝန်ကြီးများက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှုအခြေ အနေများအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးကြပြီး အာဆီယံ-ယူကေ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ် (၂၀၂၁-၂၀၂၂) ၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် မှတ်တမ်းတင်ကြသည်။

 

ထို့နောက် အာဆီယံနှင့် ယူကေတို့အကြား အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ကို အတည်ပြုကြသည်။

အဆိုပါ အစည်းအဝေးများတွင် ကမ္ဘောဒီးယားနိုင်ငံ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E. Pan Sorasak က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီဝန်ကြီးများ၊ အာဆီယံ အဆင့်မြင့်စီးပွားရေး အရာရှိများ၊ အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် ဘာသာရပ် ဆိုင်ရာတာဝန်ခံများပါဝင် တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးများ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း လူပုဂ္ဂိုလ်များ ယာယီရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အာဆီယံသဘောတူ စာချုပ်ကို ပြင်ဆင်သည့်အခြေပြ စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးသည်။

ပါဝင်တက်ရောက်

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက အာဆီယံစီးပွားရေးအကြံပေး ကောင်စီ ၂၀၂၂ ခုနှစ် အလှည့်ကျဥက္ကဋ္ဌက ဦးဆောင်ကျင်းပသည့် Gala Dinner နှင့် စီးပွားရေးဆုများ ချီးမြှင့်သည့်အစီအစဉ်တွင် ပါဝင်တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယား နိုင်ငံမှမထွက်ခွာမီ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် အကြိမ်(၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်သည်။

သတင်းစဉ်