Skip to main content

ငြိမ်းချမ်းရေးအသီးအပွင့်များ တန်းတူခံစား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု၏ အဓိကလိုအပ်ချက် ဖြစ် သည့် ငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တစ်ချိန်တည်းတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို မျက်ခြည်မပြတ် အားစိုက်ဆောင်ရွက်နေသည်။

အဓိကမှာ တိုင်းရင်းသားပြည်သူများအားလုံး လုံခြုံစိတ်ချအေးချမ်းစွာဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာရေးကို ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်ကို စတင်တာဝန်ယူဆောင်ရွက်သည့်အချိန်မှစ၍ ချမှတ်ထားသည့် အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉) ရပ်တို့ကို အဆင့်ဆင့်အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတစ်ဝန်းလုံးတွင် ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည့် ကဏ္ဍများအားလုံးကို နိုင်ငံတစ်ဝန်းတွင် ဖြစ်ထွန်းလာအောင် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။

သို့သော် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ကြကာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ကို ပြည်တွင်း/ ပြည်ပမှ မလိုလားသူများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ယူဆောင်ရွက်နေသည့် အစိုးရအား ဆန့်ကျင်တိုက်ခိုက်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများပြုလုပ်နေသည့် အန္တရာယ်မျိုးစုံတို့ကို တစ်ဖက်တွင် တွန်းလှန်ချေမှုန်းလျက်ရှိရာ အဆိုပါအဖျက် လုပ်ရပ်များကို ချေမှုန်းသုတ်သင်ရှင်းလင်းနိုင်မှ တိုင်းရင်းသားပြည်သူများ၏ လိုလားချက်များကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ တိုင်းရင်းသား ပြည်သူများကလည်း ကောင်းမွန်သောအသိစိတ်ဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။

 

နိုင်ငံတော်အစိုးရသည် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် လူမှုရေး၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လိုအပ်ချက်အသီးသီးကို ဖြည့်ဆည်းပေးနိုင်ရန် အနှောင့်အယှက် ပေးနေသည့် အဖျက်ရန်စွယ်အန္တရာယ်မှန်သမျှကို ရှင်းလင်းဖယ်ရှားလျက်ရှိပြီး ယခုအခါ တည်ငြိမ်အေးချမ်းမှု အခြေအနေကောင်းများ ရရှိလာပြီဖြစ်သည်။ နိုင်ငံရေးကို အကြောင်းပြု၍ ဆန့်ကျင်ဘက်အဖွဲ့အစည်းများတွင် အကြောင်းအမျိုးမျိုးဖြင့် ပါဝင်ခဲ့ကြသည့် ပြည်သူများအနေဖြင့် ယနေ့အချိန်ကာလတွင် အသိမှန်၊ အမြင်မှန်ရကာ ပြည်သူ့ရင်ခွင်တွင် ပြန်လည်ခိုလှုံကြရမည့်အချိန်အခါဖြစ်ပြီး နိုင်ငံအစိုးရကလည်း ပြစ်မှုကျူးလွန်ခြင်းမရှိသူများကို ကြိုဆိုလက်ခံလျက်ရှိသည်။ တိုင်းပြည် အကျိုးအတွက် ဆောင်ရွက်နေသောအချိန်တွင် ငြိမ်းချမ်းရေးတံခါးကိုလည်း အမြဲဖွင့်လှစ်ပေးထားရာ ငြိမ်းချမ်းရေးခရီးလမ်းတွင် ပါဝင်ကြရမည်ဖြစ်သည်။

ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုကင်းရှင်းစွာဖြင့်တိုင်းရင်း သားညီအစ်ကိုအချင်းချင်း တွေ့ဆုံဆွေးနွေးအဖြေရှာလျှင် အောင်မြင်မှုရှိလာနိုင် မည်ဖြစ်သည်။ ယခုအခါ ငြိမ်းချမ်းရေးကိုလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာနေကြပြီး နိုင်ငံ့အကျိုးစီးပွားကိုမလိုလားဘဲ ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်းပြုလုပ်နေသည့် အမျိုးသားသစ္စာဖောက်များနှင့် ပြည်တွင်း/ ပြည်ပ အဖျက်အန္တရာယ်များကိုလည်း အထူးသတိပြုကြရန်လိုအပ်ပေသည်။ ယခုအခါ ပြည်တွင်းအခြေအနေ တိုးတက်ကောင်းမွန်နေပြီဖြစ်၍ ပြည်တွင်းအဖျက်သမား လက်ကျန်များနှင့် ပြည်ပ အနှောင့်အယှက်များကို အထူးသတိထားကြရမည်ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဟန်ချက်ညီညီလက်တွဲဆောင်ရွက်ပြီး အားလုံး၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ အေးချမ်းသာယာဝပြောသည့် ပြည်ထောင်စုကြီးကို နိုင်ငံ့အစိုးရနှင့်အတူ တိုင်းရင်းသားပြည်သူများ၏ စွမ်းပကားများနှင့်ပေါင်းစပ်၍ တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည်မှာ ၇၅ နှစ်စိန်ရတုကာလသို့ ရောက်ရှိ လာတော့မည်ဖြစ်၍ ထိုကာလတွင် လွတ်လပ်ရေး၏ အသီးအပွင့်များကို တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှ ခံစားကြ ရမည့်အချိန်အခါဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ တိုင်းရင်းသား ပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခံယူချက်ပြည့်ဝမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံးတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသီးအပွင့်များကို အားလုံးတန်းတူညီမျှ ရရှိခံစားနိုင်အောင် ဆက်လက်၍ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။