Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်မှု (Joint Training) ပြုလုပ်ရန်သွားရောက်မည့် အားကစားအဖွဲ့များနှင့် တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၁

၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို နေပြည်တော်၌ အားကစားနည်း(၁၁)နည်းနှင့် ရန်ကုန်မြို့၌ အားကစားနည်း(၆)နည်းတို့ဖြင့် စခန်းသွင်းလေ့ကျင့်မှုများကို စနစ်တကျပြုလုပ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောကြားရာသည်။

G to G အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်မှု (Joint Training) ပြုလုပ်ရန်သွားရောက်မည့် အားကစားအဖွဲ့များနှင့် တွေ့ဆုံသည့်အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပရာတွင်   ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ အရည်အသွေး၊ အရည်အချင်းများ ပိုမိုတိုးတက်လာစေရန်အတွက် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် အားကစားနည်းများအနက်မှ ဘော်လီဘော၊ ဝူရှူး၊ ပြေးခုန်ပစ်နှင့် လက်ဝှေ့အားကစားနည်းများမှ အုပ်ချုပ်/နည်းပြ(၁၅)ဦး၊ အားကစားသမား ကျား(၅၂)ဦး၊ မ(၃၄) ဦး၊ စုစုပေါင်း(၁၀၁)ဦးတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်မှု (Joint Training)  ပြုလုပ်ရန် (ပထမအသုတ်) အနေဖြင့် နိုဝင်ဘာလတွင် စေလွှတ်သွားမည် ဖြစ်ပါကြောင်း၊ SEA Games ပြိုင်ပွဲတွင် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ရာ၌ အမိနိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်စေရန်နှင့် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိစေရန်အတွက် Joint Training စေလွှတ်ပေးရခြင်း ဖြစ်ပါကြောင်း၊ အားကစား သမားများအနေဖြင့် မိမိတို့၏အရည်အသွေးများ ပိုမိုတိုးတက်လာစေရန် Joint Training ကာလအတွင်း လေ့ကျင့်မှုများပြုလုပ်ရာ၌ စိတ်ရောကိုယ်ပါနှစ်ပြီး အစွမ်းကုန်ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း အခက်အခဲတစ်စုံတစ်ရာရှိပါက တာဝန်ရှိသူများထံ ပွင့်ပွင့်လင်းလင်းတင်ပြ ပေးစေလိုကြောင်း၊ နိုင်ငံတော်မှ အားကစားကို အားပေးပံ့ပိုး ဖြည့်ဆည်းပေးနေသည့် အချိန်ကာလ ဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် အားကစားဖြင့် အမိနိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်နိုင်အောင် ယခုအချိန်မှစ၍ အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲများယှဉ်ပြိုင်ရာ၌ အားကစားသမားကောင်း စိတ်ဓါတ်မွေးမြူပြီး နောက်ဆုံးအချိန်အထိ မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓါတ်တို့ဖြင့် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊  မြန်မာ့လက် ရွေးစင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။       

သတင်းစဉ်