နေပြည်တော် နိုဝင်ဘာ ၁၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက် နွယ်သာကီလမ်းသွယ်(၂)တွင် မမီမီချို(ခ)မီးကင်းငယ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၁၀ နာရီ ၅၅ မိနစ်တွင် ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက် နွယ်သာကီ လမ်းသွယ်(၂)ရှိ ရခိုင်(ခ) မောင်မောင်လှ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိုက်စ် သုည ဒသမ ၀၀၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆၉၁၅ ပြားကို လည်းကောင်း။
အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၇)ရပ်ကွက် ရာဇဓိရာဇ်လမ်းနှင့် ရာဇဓိရာဇ်(၂၇) လမ်းထောင့်တွင် ကျော်ခင်လှ(ခ)ဖိုးကျော်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ ကိုလည်းကောင်း။
ထို့အတူ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲတွင် မိုင်းခတ်မြို့နယ် မိုင်းကာကျေးရွာအုပ်စု ဝမ်မိုင်ကျေးရွာနေ မရီလှ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၂ နာရီခွဲတွင် မိုင်းခတ်မြို့နယ် မိုင်းကာကျေးရွာအုပ်စု ပန်နော်လောင်းကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူအားတို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်