နေပြည်တော် နိုဝင်ဘာ ၁၀
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ စုံညီ အထူးအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာ ဗဟိုဌာနချုပ်မှ ဗဟိုအမှုဆောင် အဖွဲ့ဝင်များနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗဟိုအမှုဆောင်အဖွဲ့ဝင်များသည် ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များရှိ ဗဟိုအမှုဆောင်အဖွဲ့ဝင် များက Online စနစ်ဖြင့် အစည်းအဝေးတက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)က အမှာစကားပြောကြားပြီး ဗဟိုအမှုဆောင်အဖွဲ့ အတွင်းရေးမှူးက အစည်းအဝေးပြုလုပ်ရခြင်း ရည်ရွယ်ချက်ဖြစ်သည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥပဒေပုဒ်မ ၄၀၊ ပုဒ်မခွဲ (ခ)အရ ထုတ်ပြန်မည့် တာဝန်ထမ်းဆောင်သည့်ကာလ သတ်မှတ်ခြင်း စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက် (၅/၂၀၂၂) (စာမူကြမ်း)အား ဖတ်ကြားရှင်းလင်း၍ ဆွေးနွေးတင်ပြခြင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် အစီအစဉ်အရ တိုင်းဒေသကြီး/ ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင် အဖွဲ့ဝင်များက တိုင်းဒေသကြီး/ ပြည်နယ် အစဉ်လိုက် အကြံပြုဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင် အရာရှိကြီးများက လည်းကောင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက လည်းကောင်း အကြံပြုဆွေးနွေး တင်ပြခြင်းများ ဆောင်ရွက်ကြ သည်။
ဆက်လက်၍ ဗဟိုအမှုဆောင် အဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးအကြံပြု ချက်များအပေါ် အခြေခံ၍ စည်းရုံး ရေးဆိုင်ရာ ညွှန်ကြားချက် (၅/၂၀၂၂) ဖြင့် ထုတ်ပြန်မည့် တာဝန်ထမ်းဆောင်သည့် ကာလ သတ်မှတ်ခြင်း (စာမူကြမ်း)ကို ဗဟိုအမှုဆောင် အဖွဲ့ဝင်များ၏ ဆန္ဒသဘောထား မေမြန်း၍ အတည်ပြုချက် ရယူခြင်းနှင့် ညွှန်ကြားချက် ထုတ်ပြန်ရန် ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကြောင်းသိရသည်။
သတင်းစဉ်