နေပြည်တော် နိုဝင်ဘာ ၁၀
အလုပ်လက်မဲ့ ဖြစ်ပေါ်နေသည့် အလုပ်သမားများကို New Normal အခြေအနေနှင့်အညီ အသစ်ဖွင့်လှစ် လုပ်ကိုင်သည့် စက်ရုံများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန်၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ၎င်းတို့၏ ကျွမ်းကျင်မှုနှင့်ကိုက်ညီသော အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးရန်နှင့် ၎င်းတို့တတ်မြောက်ထားသည့် နည်းပညာများကို သင့်လျော်သည့် နေရာများတွင် ပြန်လည်အသုံးပြုနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ယနေ့ အလုပ်သမားဝန်ကြီးဌာန၌ ကျင်းပသည့် CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တာဝန်ရှိသူများကို မှာကြားသည်။
စိစစ်ဆောင်ရွက်ပေး
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများအများဆုံး ဖော်ဆောင်ပေးပြီး ပြည်ပဝင်ငွေ ရှာဖွေပေးနေသည့် CMP လုပ်ငန်းများသည် မြန်မာလုပ်သားထုနှင့် မြန်မာနိုင်ငံသားများအတွက် ရေတို၊ ရေရှည် အကျိုးဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ကြောင်း၊ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအနေဖြင့် CMP စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင် လိုကြောင်း လျှောက်ထားလာမှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်(MIC)က ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရေး သဘောထားမှတ်ချက်နှင့်တကွ စိစစ်ဆောင်ရွက်ပေးခြင်း၊ CMP စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုမိန့်ရရှိသည့် လုပ်ငန်းများကို တည်ဆဲဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက် ခြင်း ရှိ/မရှိ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ အခွန်ပေးဆောင်ခြင်း ရှိ/မရှိ၊ ရရှိသောလုပ်ခများကို ဘဏ်သို့ မှန်ကန်စွာပေးသွင်းခြင်း ရှိ/မရှိ၊ အလုပ်သမားများအတွက် ရသင့်ရထိုက်သော လုပ်ခခံစားခွင့်များ အပြည့်အဝထုတ်ပေးခြင်း ရှိ/မရှိ၊ စာရင်းဇယားများ စနစ်တကျထားရှိခြင်း ရှိ/မရှိ တို့ကို အဓိကစစ်ဆေး ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန များမှ အလုပ်သမားများကို လုပ်ခလစာ ထုတ်ပေးနိုင်မှုနှင့် စပ်လျဉ်းပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီမှ ဖွဲ့စည်းပေးထားသည့် One Stop Services (OSS) တွင် အလုပ်သမားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများကို တာဝန် ပေးအပ်ထားပြီး OSS ရုံးရှိ သက်ဆိုင်ရာဌာနများ၊ UMFCCI ၊ ဘဏ်လုပ်ငန်းရှင်များနှင့် ပူးပေါင်း ၍ အလုပ်သမားများ၏ လုပ်ခလစာရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် အစည်းအဝေးကို လေးကြိမ် ကျင်းပခဲ့ပြီး အလုပ်ရှင်၊ အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဖြေရှင်းရမည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ရှင်းလင်းတင်ပြ
အဆိုပါ အစည်းအဝေးတွင် CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
သတင်းစဉ်