Skip to main content

နိုင်ငံတော်၏ထိပ်တန်းတက္ကသိုလ် Naypyitaw State Academy

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွက် ကျက်သရေ မင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်သည်။ မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် အဆင့်မြင့်ပညာကဏ္ဍ၌ ထူးခြားဆန်းသစ်စေမည့် နိုင်ငံ့ထိပ်တန်းတက္ကသိုလ် Naypyitaw State Academy ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့သည်။

ပေါ်ထွန်းလာသည့် နိုင်ငံ့ထိပ်တန်းတက္ကသိုလ် Naypyitaw State Academy ကို တည်ဆောက် ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်သည် နေပြည်တော်ကို ပညာရေးမြို့တော် ဖြစ်လာစေရန်နှင့် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ သားသမီးများ၊ နေပြည်တော် ရှစ်မြို့နယ်ဖြစ်သည့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူ ဒေသခံပြည်သူများ၏ သားသမီးများအနေဖြင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ပညာရပ်မျိုးစုံတို့ကို ဝေးလံသည့်မြို့ကြီးများသို့ သွားရောက်ပညာသင်ယူစရာမလိုဘဲ အိုးမကွာအိမ်မကွာ လေ့လာဆည်းပူးနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားတွင် “ကြောင်းကျိုးဆက်စပ် တွေးခေါ်မှုကို အခြေခံသည့် သင်ကြားသင်ယူမှုကို အလေးထားအားပေးပြီး အသုံးချ သုတေသနများနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည့် ပညာရှင်များမွေးထုတ်ပေးရာ ဦးဆောင်တက္ကသိုလ် (The Leading University for Wisdom) ဖြစ်စေရန်အတွက် ဦးတည်ချက်ထား ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံပြီး ပညာပြည့်ဝ နှလုံးလှသည့် စိတ်ဓာတ်ကောင်းမွန်သော ပညာတတ်နိုင်ငံ့သားကောင်း ရတနာမွန်များကို မွေးထုတ်ပေးသွားမည်ဖြစ်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဖွင့်လှစ်လိုက်သော နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးကို အစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ကဲ့သို့ နိုင်ငံတော်ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်လာစေရန် ရည်ရွယ်ပြီး ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်သည်။ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ကြီးများတွင် ဖွဲ့စည်းထားသည့် မဟာဌာနကြီးများ ဖွဲ့စည်းပုံအတိုင်း ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာနနှင့် အားကစားပညာမဟာဌာနများ ပါဝင်ဖွဲ့စည်းထားပြီး အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများအပြင် နေပြည်တော်ရှိ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဘာသာရပ်ကျွမ်းကျင်သူ ပညာရှင်ကြီးများကိုပါစုစည်းပြီး တက္ကသိုလ်တွင် အင်အားဖြည့် သင်ကြားလေ့ကျင့် ပေးသွားမည်ဖြစ်သည်။ တက္ကသိုလ်တွင် ယခုနှစ်ပညာသင်နှစ်၌ တတိယနှစ်သင်တန်းများကို စတင်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ ဖွင့်လှစ်ပေးသွားမည့်အပြင် ဘွဲ့လွန်သင်တန်းများဖြစ်သည့် မဟာတန်းများ၊ ပါရဂူတန်းများအထိ ဖွင့်လှစ်သင်ကြားပေးကာ နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေးတက္ကသိုလ်များအပါအဝင် နိုင်ငံတစ်ဝန်း၌ ပညာရေးဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများအပါ ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ နေပြည်တော်တွင် သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ်တို့ ဖွင့်လှစ်ထားပြီး ယခု Naypyitaw State Academy ကို ဖွင့်လှစ်ပေးပြီးနောက် မကြာမီကာလတွင် နည်းပညာတက္ကသိုလ် အဆင့်တိုးမြှင့်မည့် တက္ကသိုလ်တစ်ခု ပေါ်ထွက်လာမည်ဖြစ်၍ နေပြည်တော်သည် ပညာရေးမြို့တော်အဖြစ် ပုံပေါ်လာမည်ဖြစ်သည်။

နိုင်ငံ့ထိပ်တန်းတက္ကသိုလ် Naypyitaw State Academy ၏ အမှတ်တံဆိပ် ဆောင်ပုဒ်သည် “ပညာဧဝ အဓိပတိ”ဟု သတ်မှတ်ထားသည်ကိုတွေ့ရသည်။ အဆိုပါဆောင်ပုဒ်၏ အနက်အဓိပ္ပာယ်သည် “ပညာသည်သာ အရှင်သခင်၊ ပညာသည်သာ အကြီးအမှူး၊ ပညာသည်သာ ဦးဆောင်သူ” ဖြစ်သည်ဟု လေးလေးနက်နက် ဖော်ညွှန်းထားသည်။ သို့ဖြစ်ရာ နိုင်ငံတော်၏မြို့တော် နေပြည်တော်တွင် ပညာကို ဦးထိပ်ပန်ဆင်ကာ ပညာကို အထွတ်အမြတ်ထားပြီး သင်ယူလေ့လာ နိုင်တော့မည်ဖြစ်ပါကြောင်း။         ။