Skip to main content

တရားမဝင် တိရစ္ဆာန်အစာ၊ အလှကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၉

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဗိုလ်တထောင်ခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ရန်ကင်းမြို့နယ် အမှတ် (၁၆) ရပ်ကွက် ဘူတာရုံလမ်းရှိ ဂိုဒေါင်သို့ သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဘေထုပ်အထည် ၄၄၉ ထုပ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၇၁၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ချမ်းမြသာစည်မြို့နယ် မြို့ဟောင်းဘူတာအနီးရှိ ဂိုဒေါင်များအား စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်တင်သွင်းခွင့် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းမျိုးစုံနှင့် လူသုံးကုန် ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၂၃၃၁၇၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်‌‌ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် မြဝတီ မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် နှစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အဝတ်လျှော် ဆပ်ပြာမှုန့်ထုပ် ၅၆ ဖာနှင့် တိရစ္ဆာန် အစာ အိတ် ၇၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၁၄၇၁၇၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်