Skip to main content

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်း၌ YBS ခရီးသည်တင်ယာဉ်ပေါ်တွင် အုပ်စုဖွဲ့ ရိုက်နှက်လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၉

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၈ ရက် ညနေ ၄နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သမိုင်းဈေး ဘူတာရုံလမ်းနှင့် သမိုင်း (၇) လမ်းထိပ်တွင် YBS ယာဉ်လိုင်း အမှတ်(၆၁) ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည်အမျိုးသမီးတစ်ဦးနှင့် အခြားခရီးသည်များထံမှ လက်ကိုင်ဖုန်းများကို အုပ်စုဖွဲ့၍ ရိုက်နှက်လုယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ သတင်းပေးပို့ တိုင်ကြားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

ထိုသို့ ပိတ်ဆို့စစ်ဆေးမှုများနှင့် နယ်မြေ အတွင်း သတင်းစုံစမ်းဖော်ထုတ်ချက်များအရ နိုဝင်ဘာ ၉ ရက် နံနက် ၇ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ် အောင်ဇေယျ တံတားထိပ်နှင့် အင်းစိန်မြို့နယ် ပေါက်တောဝ မီးပွိုင့်အနီး၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် တံတားထိပ်၊ လှိုင်သာယာမြို့နယ် တို့အတွင်း အဖွဲ့ငယ်များဖွဲ့ကာ စောင့်ဆိုင်းနေစဉ် ကျိုက်ဝိုင်း ဘုရားလမ်းအတိုင်း ယာဉ်မောင်း အောင်မျိုးသန့်(ခ)ရှီးဗားကမား မောင်းနှင်လာသည့် TNI/GG-5704 Probox အဖြူရောင်ယာဉ် အား သတင်းအရ ပိတ်ဆို့ဖမ်းဆီး စစ်ဆေးခဲ့ရာ မင်းသိန်းနိုင် (ခ)ကတုံး (၂၃)နှစ် (ဘ)ဦးရန်နိုင်စိုး၊ အောင်မျိုးသန်း (ခ) ရှီဗားကမား (၃၇)နှစ် (ဘ)ဦးခင်လတ်၊ ပြည့်ဖြိုး မောင် (ခ) ဖြိုးမောင် (၂၀) နှစ် (ဘ) ဦးမောင်၊ ထွန်းထွန်းဦး(ခ)ဖိုးသင်္ကြန်(၁၉)နှစ် (ဘ) ဦးဆန်းဝင်း၊ လှိုင်ဖြိုးမောင်(၁၉)နှစ် (ဘ)ဦးမောင်မောင်၊ အောင်ကျော်ဆန်း (ခ)ဆီတုံး(၂၉)နှစ် (ဘ)ဦးလှဝင်း၊ မျိုးမင်းအောင် (ခ) မျိုးမြတ် (၂၂) နှစ် (ဘ) ဦးမောင်မောင်စိုးနှင့် ဝင်းထူး (ခ) ဆံရှည်(၂၂)နှစ် (ဘ)ဦးပြုံးချိုတို့ ရှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ မင်းသိန်းနိုင်(ခ)ကတုံးပါ ရှစ်ဦးတို့အား စိစစ် ဖော်ထုတ်ချက်အရ လုယက်မှု အား မင်းသိန်းနိုင် (ခ) ကတုံးက ဦးဆောင်ကာ ကျူးလွန်ခဲ့ပြီး အောင်မျိုးသန့် (ခ) ရှီးဗားကမား၊ ပြည့်ဖြိုးမောင် (ခ) ဖြိုးမောင်၊ ထွန်းထွန်းဦး (ခ) ဖိုးသင်္ကြန်၊ လှိုင်ဖြိုးမောင်၊ အောင်ကျော်ဆန်း (ခ) ဆီတုံး၊ မျိုးမင်းအောင် (ခ)မျိုးမြတ်၊ ဝင်းထူး (ခ) ဆံရှည်နှင့် နေဇော်(ခ)နေအောင် (ဖမ်းဆီးရန်ကျန်) တို့က လုယက်မှုကျူးလွန်နိုင်ရေး အသီးသီးပူးပေါင်းပါဝင် ခဲ့ကြကြောင်း၊ နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီတွင် မင်းသိန်းနိုင်(ခ)ကတုံးပါ ကိုးဦးတို့သည် အောင်မျိုး သန့်(ခ)ရှီးဗားကမား မောင်းနှင်သည့် TNI/GG-5704 Probox ယာဉ်အား စီးနင်းကာ ဘုရင့်နောင် လမ်း၊ သမိုင်းဘူတာရုံလမ်းပေါ်ရှိ ကြွေ ၁ မှတ်တိုင်သို့ သွားရောက်ခဲ့ကာ ယာဉ်ပေါ်တွင် ယာဉ်မောင်း အောင်မျိုးသန့် (ခ) ရှီးဗားကမား တစ်ဦးသာ ကျန်ခဲ့ပြီး ကျန်ရှစ်ဦးတို့မှာ YBS ယာဉ်အမှတ် - 61 ပေါ်သို့ တက်ရောက်ခဲ့ကြောင်း၊ ဘုရင့်နောင် ခုံးတံတားအနီး အရောက်တွင် ယာဉ်ပေါ်ပါ အသက် (၂၅)နှစ်ခန့် အမျိုးသား တစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ Redmi8 ခရမ်းရောင်လက်ကိုင် ဖုန်းကို မင်းသိန်းနိုင်(ခ)ကတုံး က နှိုက်ယူခဲ့ကြောင်း၊ အသက် (၂၅)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ Samsung A-10 စိမ်းပြာရောင် လက်ကိုင်ဖုန်းကို နေဇော် (ခ) နေအောင် (ဖမ်းဆီးရန်ကျန်)က နှိုက်ယူနေစဉ် အဆိုပါအမျိုးသမီးက အော်ဟစ်အကူအညီတောင်း သဖြင့် မင်းသိန်းနိုင် (ခ) ကတုံးက သံပိုက်ဖြင့် ပြုလုပ်ထားသော နံကြပ်ကူဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ လုယက်ပြီးနောက် ကားပေါ်မှ ဆင်းကာ အသင့်စောင့်ဆိုင်းနေသည့် TNI/GG-5704 Probox ယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

ဆက်လက် စစ်ဆေးဖော် ထုတ်ချက်အရ မင်းသိန်းနိုင်(ခ)ကတုံးပါ ကိုးဦးတို့သည် နိုဝင်ဘာ ၅ ရက် နံနက် ၇ နာရီတွင် သာကေတ မြို့နယ်အတွင်း၌ ပြေးဆွဲ မောင်းနှင်လျက်ရှိသည့် YBS ယာဉ်လိုင်းအမှတ် - 42 ယာဉ်ပေါ်ရှိ အမျိုးသားတစ်ဦးအား ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ကာ ကားပေါ်မှဆွဲချပြီး အဆိုပါအမျိုးသား၏ ကျောပိုးအိတ်အတွင်းမှ Samsung A-50 အမျိုးအစား စိမ်းပြာရောင်ဖုန်း တစ်လုံး၊ MI 5 အဖြူရောင်ဖုန်း တစ်လုံး၊ ငွေစက္ကူ (၅၀၀၀၀ဝိ/-) ကျပ်နှင့် ATM ကတ် သုံးခု၊ မှတ်ပုံတင် တစ်ခု၊ ယာဉ်မောင်းလိုင်စင် တစ်ခုတို့အား လုယက်ခဲ့ကြောင်းနှင့် ထိုသို့ လုယက်မှုကျူးလွန်စဉ် AYY/DD-3873 Probox အဖြူရောင်ယာဉ်အား အသုံးပြုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အထက်ပါ လုယက်မှုများအတွင်း မင်းသိန်းနိုင်(ခ)ကတုံးနှင့် နေဇော် (ခ) နေအောင်တို့က လုယက် ခါးပိုက်နှိုက်ခဲ့ကြပြီး ကျန်ခုနစ်ဦးမှ လုယက်ရာတွင် ဝန်းရံပေးသူ၊ လူကာပေးသူနှင့် အခြေအနေ စောင့်ကြည့်ပေးသူများအဖြစ် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရ သည်။

ဖြစ်စဉ်များတွင် အများပြည်သူ စီးနင်းသွားလာလျက်ရှိသည့် YBS ယာဉ်များအတွင်း လုယက်မှုကျူးလွန်ခဲ့ပြီး ဖမ်းဆီးရမိသူများဖြစ်သည့် မင်းသိန်းနိုင် (ခ)ကတုံးပါ ရှစ်ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် တရားခံဖြစ်သည့် နေဇော်(ခ)နေအောင်အား အမြန်ဆုံးဖမ်းဆီး ရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ၎င်းတရားခံပြေး အား တွေ့မြင်သိရှိရပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံ အသိပေးသတင်းပို့ တိုင်ကြားနိုင် ပါကြောင်းနှင့် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းစဉ်