Skip to main content

ကျွန်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွား၍ NGO (ASELF Tot Health) အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရ

နေပြည်တော် နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ NGO (ASELF Tot Health) အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၈ ရက်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်း-ကြာတကန်ကျေးရွာချင်းဆက်လမ်း၊ ကြာတကန်ကျေးရွာ၏ အရှေ့ဘက် ၄ ဖာလုံခန့်အကွာ ရေကျော်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ NGO(ASELF Tot Health) အဖွဲ့မှ ငှက်ဖျား/တီဘီရောဂါ တိုက်ဖျက်ရေးဝန်ထမ်းဖြစ်သူ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်ကွက်နေ ကိုပြည့်စုံအောင် (၂၆) နှစ် (ဘ) ဦးထွန်းမြင့်သည် ကြာတကန်ကျေးရွာရှိ တီဘီရောဂါ ဖြစ်ပွားသူများအား ကျန်းမာရေးစစ်ဆေးပေးရန်အတွက် ထန်းပင်ကုန်း-ကြာတကန် ရွာချင်းဆက်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကိုပြည့်စုံအောင်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ကျွန်းလှမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးနေသည့် NGO (ASELF Tot Health) အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ကာ ထိခိုက်ဒဏ်ရာများရရှိစေခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။