Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၉-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများ အား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန် ဆောင်ရွက်လျက်ရှိပြီး (၈-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၉၄၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၀) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၇) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၄၉၄,၇၃၆) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (၆၃၂,၄၆၁) ဦး ရှိပြီဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၁၀၃) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၀၆,၇၂၄) ဦးရှိပြီ ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၈၆) ဦး ရှိပါသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၈-၁၁-၂၀၂၂) ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၇၂၇,၆၄၄) ဦးနှင့် အသက် (၁၈) နှစ် အောက် လူဦးရေစုစုပေါင်း (၆,၇၀၇,၂၅၀) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်ပါသည်။

ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွား၊ သေဆုံးမှုအနေဖြင့် လျော့နည်းကျဆင်းလာလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်မှ နေ့စဉ်ဓာတ်ခွဲစစ်ဆေးမှုများ၌ ရောဂါပိုးတွေ့ရှိမှု အနေဖြင့် (၁၈) ရက်ဆက်တိုက် (၂) ရာခိုင်နှုန်းအောက်သို့ ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။

သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားသူများတွင် ရောဂါ ပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်းကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာတွင် နေထိုင်မှုပုံစံသစ် (New Normal) နည်းလမ်းအား လိုက်နာ၍ နေထိုင်ရမည်ဖြစ်သဖြင့် -

  • အသက် (၅) နှစ်နှင့်အထက် ပြည်သူများအားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီး (၆)လ ပြည့်ပြီးပါက ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်၊
  • အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊
  • လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော (အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀)ကြာ မကြာခဏ ဆေးကြောရန်၊
  • လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊
  • တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊
  • ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံဆောင်ဆစ်ကွေးနှင့်အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။