နေပြည်တော် အောက်တိုဘာ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင် ၅၀၀)၊ တပ်မတော်ဆေးရုံကြီး(ခုတင်၁၀၀၀)ရှိ အထူးကုသမှုစင်တာနှင့် တပ်မတော်အသဲအထူးကုဆေးရုံတို့အား သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ကြည့်ရှုအားပေးစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)သို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဆေးရုံအစည်းဝေးခန်းမများတွင် ဆေးရုံတပ်မှူးများက ဆေးကုသမှုဆိုင်ရာအခြေအနေများ၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များအားမေးမြန်းပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ဆေးရုံတပ်မှူးများက လက်ခံရယူကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် တပ်မတော် အသဲအထူးကုဆေးရုံသို့သွားရောက်၍ (၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်တင်ဘာ ၂၇ ရက် နှင့် ၂၈ ရက်တွင် တပ်မတော်၌ ပထမဆုံးအကြိမ်အဖြစ် အသည်းအစားထိုးခွဲစိတ်ကုသမှုခံယူခဲ့သည့် လူနာနှစ်ဦးကို သွားရောက်ကြည်ရှုအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြသည့် တပ်မတော်မှ ပါရဂူကြီးများနှင့် ဆေးမှူးများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်သည်။
အသည်းအစားထိုးကုသမှုတွင် တပ်ခွဲတပ်ကြပ်ကြီး အောင်ချစ်ဝင်းနှင့် ၎င်း၏အသည်းအလှူရှင်ဖြစ်သည့် ဇနီးဖြစ်သူဒေါ်မျိုးသူဇာ၊ ဒေါ်ခင်သူဇာမျိုးနှင့် ၎င်း၏အသည်းအလှူရှင်ဖြစ်သော အစ်မဖြစ်သူ ဒေါ်ကေသီမြင့်တို့ကို ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လူနာများနှင့် အလှူရှင်များမှာ အောင်မြင်စွာခွဲစိတ်ခဲ့ပြီးနောက် ရက်ပေါင်း ၃၀ နှင့် ၃၁ ရက် ရောက်ရှိသည့်ကာလအတွင်း လူကောင်းပကတိဖြစ်သည်အထိ ကျန်းမာပျော်ရွှင်လျက်ရှိပြီး သက်ဆိုင်ရာ အသည်းအထူးကုဆရာဝန်ကြီးများ၏ အနီးကပ်ပြုစုစောင့်ရှောက်မှု မလိုအပ်တော့သည့် အခြေအနေဖြစ်သော်လည်း ပါရဂူကြီးများနှင့် ဆေးမှူးများက မွန်မြတ်သောစေတနာဖြင့် ပိုမိုစိတ်ချကောင်းမွန်စေရန်အတွက် ဆက်လက်၍ ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။