ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ ကျိုက်သလဲကျေးရွာအုပ်စုသည် တွံတေး-ကော့မှူး ကားလမ်း၏ ဝဲ-ယာ တွင် တည်ရှိသည့် ကျေးရွာအုပ်စုတွင်ပါဝင်သော ကျိုက်သလဲကျေးရွာနှင့် လာကပုံကျေးရွာတို့တွင် ဝါးဖြင့်တောင်း၊ ခြင်းမျိုးစုံယက်လုပ်ခြင်း လုပ်ငန်းကို လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည်၊၊ ယခုအခါ ဝါး၊ ခြင်းတောင်း ယက်လုပ်ခြင်းကို မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် ဆောင်ရွက်နေပြီး တောင်း၊ ခြင်း အမျိုးအစားအလိုက် မှာယူမှုအပေါ်အခြေခံ၍ ကုန်ကြမ်းပေးကုန်ချောယူစနစ်ဖြင့် အငှားပေးကာ လုပ်ငန်းလည်ပတ်လျက်ရှိသည်၊၊
ရက်လုပ်ထားသော တောင်း၊ ခြင်းများကို ကိုယ်တိုင်ရောင်းချခြင်းရှိသကဲ့သို့ ပွဲစားများမှတစ်ဆင့် ရောင်းချခြင်းများရှိကြောင်း သိရှိရသည်၊၊ အိမ်အရောက် ဝယ်ယူမှုများ ရှိသကဲ့သို့ မှာယူသည့်နေရာအရောက် ပစ္စည်းပေးပို့ရသည်များလည်းရှိကြောင်း သိရှိရပါသည်၊၊ သီတင်းကျွတ်ပြီးကာလများတွင် ငါးခြောက်ခြင်းသီးသန့်မှာယူမှုများရှိပြီး ဧရာဝတီတိုင်းဒေသကြီး ငါးထုတ်လုပ်ရာ ရေချို၊ ရေငံ အရပ်များမှ မှာယူမှုပိုများပြီး ဖျာပုံနယ်ဘက်မှ အများဆုံးမှာ ယူမှုရှိသည်၊၊ ပဲဆွတ်ခူးရာသီတွင် ပဲတောင်းများကို ခရမ်း/သုံးခွဘက်မှ အများဆုံးဝယ်ယူကြောင်း သိရှိရသည်၊၊ ဈေးကွက်မှာယူမှု အပေါ်လိုက်၍ ဝါးခြင်း/ တောင်းများကို ပစ္စည်းမျိုးစုံယက်လုပ်ကြပြီး ကြိုတင်ထုတ်လုပ် ယက်ထားခြင်းမရှိဘဲ မှာယူမှသာ လုပ်ကိုင်ကြသည်၊၊ အဓိကကုန်ကြမ်းမှာ ဒေသထွက် ထီးရိုးဝါး (နှီးဖြာဝါး) ဒေသအခေါ် ဝါးမရောင်းဖြစ်ပြီး ခြံခုတ်နှင့် အိမ်အရောက် ပို့ဈေးမှာ အနည်းငယ်ကွာခြားပြီး ၁၈ တောင်ဝါးတစ်လုံးကို ၂၀၀၀ မှ ၃၀၀၀ ထိပေးရသည်၊၊
ကုန်ပစ္စည်းများကို တင်ပို့ရောင်းချရာတွင် ပွဲစားများမှတစ်ဆင့် ရောင်းချရာ၌ ငွေလက်ငင်း ရခြင်းရှိသလို ခေါက်ပြန်ကြေးပေးထားရသည်များလည်း ရှိသည်၊၊ အငှားရက်သူသို့ ဝါးဖိုး၊ အလုပ်ခများ ကြိုတင်ပေးထားရသည့် မိသားစုလုပ်ငန်း (ကိုယ်တိုင်) ထုတ်လုပ်သူအတွက် အရင်းအနှီး တစ်လကျပ် ၁၀ သိန်းမှ ၂၀ သိန်းကျပ်ခန့်ရှိကြောင်း သိရှိရသည်၊၊ ဝါးဖြင့်ပြုလုပ်သော တောင်း၊ ခြင်း အမျိုးအစားအလိုက် ပုံသဏ္ဍာန်ကွဲပြားခြားနားသော်လည်း ကုန်ပစ္စည်းထည့်သွင်း သယ်ဆောင်ရာတွင် လိုသလိုအသုံးပြုနိုင်သော ကုန်ပစ္စည်းဖြစ်ကြောင်း သိရှိလေ့လာရပါသည်၊၊
ရက်လုပ်ထားသော တောင်း၊ ခြင်းများမှ အမျိုးအစားအလိုက် ပုံသဏ္ဍာန်ကွဲပြားခြားနားသဖြင့် ရောင်းချသော ဈေးနှုန်းများမှာလည်း ကွဲပြားခြားနားကြောင်း သိရှိရပါသည်၊၊ ကျိုက်သလဲ ကျေးရွာအုပ်စုတွင် ဝါးဖြင့်ပြုလုပ်သော တောင်း/ ခြင်းလုပ်ငန်းနှင့် မိသားစုတစ်ပိုင်တစ်နိုင် စီးပွားဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၂၀)ဦးခန့်ရှိကြောင်း သိရှိရသည်၊၊ ၎င်းလုပ်ငန်းမှ ကျေးရွာရှိ လူဦးရေ ၂၀၀ ကျော်ခန့်အား အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်ကြောင်း လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်ကို သိရှိရပါသည်၊၊
DOCA(ရန်ကုန်)