စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ၊ ကုန်ဈေးနှုန်းနှင့် ကုန်စည်စီးဆင်းမှုသတင်းများအပြင် (One Village One Product) ကျေးရွာတစ်ရွာထုန်ကုန်တစ်မျိုး လုပ်ငန်းများအကြောင်း သတင်းဆောင်းပါးများလည်း ရေးသားတင်ပြလျက်ရှိသည်။
(One Village One Product) ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးဆိုသည်မှာ ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိရန်ရည်ရွယ်၍ ဒေသကျေးရွာအလိုက် ထုတ်ကုန်တစ်မျိုးကို အထူးပြုပြီး ဒေသအမည် Brand Name ဖြင့် ထုတ်လုပ်ဆောင်ရွက်ခြင်းဖြစ်သည်။ ကုန်ထုတ်လုပ်မှုများသာမက ဝန်ဆောင်မှု၊ ဖျော်ဖြေမှုဆန်သော ယဉ်ကျေးမှုပွဲတော်၊ တေးသီချင်း၊ ခရီးသွားလုပ်ငန်းများလည်း OVOP အသွင်ဖြင့် ဆောင်ရွက်နိုင်သည်။ OVOP ဆောင်ရွက်ခြင်းကြောင့် အကျိုးကျေးဇူးများမှာ တစ်နေရာတည်းမှာ စုစည်းနေသဖြင့် ပစ္စည်းရှိရာ ဝယ်သူလာ၍ ဈေးကွက်သို့ သွားရောက်ရောင်း ချရသည့်အချိန်နှင့် ငွေသက်သာခြင်း၊ ကုန်ကြမ်းစုပေါင်း ဝယ်ယူခြင်းဖြင့် ဈေးသက်သာခြင်း၊ သတင်းအချက်များဖလှယ်နိုင်၍ ဈေးကွက်နှင့် ချိန်ညှိထုတ်လုပ်နိုင်ခြင်း၊ အစုအဖွဲ့အလိုက်ချေးငွေ၊ နည်းပညာ၊ စက်ကိရိယာအတူတကွ သုံးစွဲနိုင်ခြင်းတို့ ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ နွယ်ငြိမ်းကျေးရွာတွင် စဉ့်အိုးလုပ်ငန်းကို (One Village One Product) အဖြစ် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပြုလုပ်ရောင်းချခဲ့ကြောင်း သိရှိရသည်။ ကျောက်မြောင်းမြို့သည် ရွှေဘိုမြို့၏ အရှေ့ဘက် (၁၇)မိုင်အကွာ တွင်တည်ရှိပြီး ဧရာဝတီမြစ်ကမ်းနားဘေးတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သောကြောင့် ကုန်း လမ်း၊ ရေလမ်းနှစ်မျိုးစလုံးဖြင့် ကုန်သွယ်ကူးသန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်သော အားသာချက်လည်းရှိပါသည်။ ကျောက်မြောင်းမြို့တွင် ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၁၀)ခုရှိပါသည်။ နွယ်ငြိမ်းကျေးရွာတွင် လူသုံးကုန်ပစ္စည်း၊ အလှဆင်ပစ္စည်း၊ မီးဖိုဆောင်သုံးပစ္စည်းဟူ၍ စဉ့်အိုး အမျိုးအစား (၃)မျိုး ပြုလုပ်ရောင်းချကြကြောင်း သိရှိပါသည်။ စဉ့်အိုးပြုလုပ်ရာတွင် ကုန်ကြမ်း အဖြစ် မြေနီ၊ ညောင်နီမြေ၊ မြေဝါ၊ မြေနုနှင့် လက်ချားတို့ဖြစ်ပြီး မြေနီ၊ ညောင်နီမြေနှစ်ဆကို မြေဝါ၊ မြေနုသုံးဆရော၍ အမှုန့်ကြိတ်ရကြောင်း၊ အမှုန့်ကြိတ်၍ရသောမြေမှုန့်ကို ရေနှင့် လုံးပြီး ရွှံ့စေးဖြစ်အောင်ပြုလုပ်ရကြောင်း၊ ရသောရွှံ့စေးမြေကို အိုးလုပ်စက်ပေါ်တင်၍ မိမိပြုလုပ်လိုသည့် အိုးပုံစံရုပ်လုံးဖော်ပြီး ပြုလုပ်ရကြောင်း၊ ရသောအိုးပုံစံကိုနေရိပ်၌ (၁၀)ရက် (၁၅)ရက်ခန့် အခြောက်ခံရကြောင်း၊ အခြောက်ခံ၍ရသော အိုးအခြောက်ကို နေပူတွင်ထုတ်လှန်းရကြောင်း၊ နေပြ၍ အိုးပူလာလျှင် ချော်ရည်သုတ်လိမ်းရကြောင်း၊ ချော်ရည်သုတ်ပြီးသော အိုးများကို မီးဖိုတွင်သွင်း၍ နာရီ(၄၀) အများဆုံးထားပြီး မီးဖုတ်ရကြောင်း၊ ဖုတ်ပြီးသောအိုးများကို ဖိုထဲတွင်(၃)ရက်ခန့်ထားပြီး ဖိုထဲမှ အပြင်သို့ထုတ်ပြီးပါက အိုးချောရကြောင်း သိရှိရပါသည်။ လူသုံးကုန်ပစ္စည်းဖြစ်သည့် သောက်ရေထည့်စရာ ပိဿာ(၁၅၀)ဝင်အိုးကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းသို့လည်းကောင်း၊ အလှဆင်ပန်းအိုးကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနားမြို့နှင့် ထားဝယ်မြို့ စသည့်ဖြင့် တစ်ပြည်လုံးအနှံ့ တင်ပို့ရကြောင်း၊ မီးဖိုဆောင်သုံးပစ္စည်းများကို လည်းအလှဆင် ပန်းအိုးနည်းတူ တစ်ပြည်လုံးအနှံ့သို့ တင်ပို့ရကြောင်း၊ ဧရာဝတီတိုင်းသို့ အမြဲတမ်းဆွဲနေသော သဘောဖြင့်တင်ပို့ကြောင်း သင်္ဘောများအနေဖြင့် အဆန်ခရီးတွင်ဆားနှင့်ဆန်များတင်လာပြီး အစုန်ခရီးတွင် စဉ့်အိုးများ ပြန်တင်သွားကြောင်း သိရှိရပါသည်။
ယခင်က နွယ်ငြိမ်းကျေးရွာတွင် ပြည်တွင်းသုံး စဉ်အိုးနှင့် Export နိုင်ငံခြားသို့တင်ပို့သည့် စဉ်အိုးများ ထုတ်လုပ်ရောင်းချကြကြောင်း၊ ပြည်ပသို့ Export တင်ပို့သည့် စဉ့်အိုးများမှာ အရည်အသွေးကို သီးခြားပြုလုပ်ကြရကြောင်း၊ ယခင်က နွယ်ငြိမ်းကျေးရွာရှိ A1 စဉ့်အိုးလုပ်ငန်းမှ အင်္ဂလန်နိုင်ငံ၊ စပိန်နိုင်ငံ၊ အစ္စရေးနိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ Export ဝင်စဉ့်အိုးများ၊ ပန်းအိုး၊ အလှဆင် အိုးများလည်းပါဝင်ကြောင်း၊ စဉ့်အိုးတင်ကွန်တိန်နာ ပေ (၄၀)တစ်လုံးတွင် ပိဿာ(၁၅၀)ဝင် စဉ့်အိုးအလုံး (၁၀၀)တင်ပို့ကြောင်း၊ ယခင်က နိုင်ငံခြားသားများ အိုးလုပ်ရာဒေသဖြစ်သော နွယ်ငြိမ်းကျေးရွာသို့ တိုက်ရိုက်လာရောက်ဝယ်ယူကြကြောင်း၊ နိုင်ငံခြားသို့တင်ပို့ရာတွင် ရန်ကုန်မြို့ရှိ A1 အိုးလုပ်ငန်းသို့လည်းကောင်း၊ နန္ဒဝန်ကုမ္ပဏီသို့လည်းကောင်း Golden Voice ကုမ္ပဏီသို့လည်းကောင်း စဉ့်အိုးများကို ရေယာဉ်ဖြင့် အရောက်ပို့စနစ်ကျင့်သုံး၍ ရန်ကုန်မှတစ်ဆင့် နိုင်ငံစုံ၊ အေးဂျင့်လိုင်းစုံသို့တင်ပို့ကြကြောင်း၊ ရောင်းဈေးမှာ သယ်ခ၊ တင်ခ၊ ချခအားလုံးအပါအဝင်တွက်ရကြောင်း၊ Export တင်ပို့သော စဉ့်အိုးများ၏ အရည်အသွေးကို ဝယ်ယူသူအကြိုက်ဆောင်ရွက်ပေးရကြောင်း၊ Export အရည်အသွေးမီစဉ့်အိုးကို ရွှံ့စေးမြေမှ စဉ့်အိုးဖြစ်သည်အထိ သီးခြားဂရုစိုက်၍ ပြုလုပ်ရကြောင်း၊ အိုးပြုလုပ်သူများမှာ များသောအားဖြင့် ပြည်တွင်းသုံးသာ ထုတ်လုပ်ကြကြောင်းသိရပါသည်။ Export တန်းဝင်စဉ့်အိုးများကို အမှာစာအပေါ်မူတည်၍ ထုတ်လုပ်ကြကြောင်း၊ ယခင်ကစဉ့်အိုးကို နေ့စဉ်ရက်ပြတ်မရှိ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ ယခင်ကနွယ်ငြိမ်း ကျေးရွာနေပြည်သူများသည် စဉ့်အိုးလုပ်ငန်းအပြင် ၎င်းနှင့်ဆက်စပ်သည့် ကုန်ကြမ်းမြေသယ်ယူခြင်း၊ မြစ်အတွင်းမျောပါလာသည့် ထင်းဆယ်ယူစုဆောင်း၍ ရောင်းချခြင်း၊ ကားနှင့်သင်္ဘာများသို့ စဉ့်အိုးတင်ခြင်း၊ စဥ့်ထည်ပစ္စည်းများကို ဖောက်သည်ယူ၍ ရောင်းချခြင်းစသည့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိကြောင်း သိရှိရပါသည်။
ကုန်ကြမ်းပစ္စည်းဖြစ်သည့် မြေနှင့်ထင်းများကို တစ်နှစ်စာလှောင်ထားပြီး လက်ချားကို တရုတ်ပြည်သို့ မှာယူရကြောင်း၊ ယခင်ကလက်ချား ၃၀ ကီလိုဝင် တစ်အိတ်လျှင် (၂၃၀၀ဝိ/-)ရှိရာမှ ယခုအချိန်တွင် ယခင်ကထက် ဒေါ်လာဈေးများတက်သဖြင့် ၃၀ ကီလိုဝင် တစ်အိတ်လျှင် (၁၅၀၀၀ဝိ/-)မှ (၁၆၀၀၀ဝိ/-)ထိ ပေးဝယ်ရကြောင်း၊ စဉ့်အိုးဖိုကြီးတစ်ဖိုလျှင် လက်ချား ၃၀ ကီလိုဝင် (၅)အိတ်မှ (၆) အိတ်အထိ သုံးရကြောင်း၊ ယခင်ကလုပ်သားတစ်ဦးအနေဖြင့် တစ်ပတ်လျှင် အိုးအလုံး (၂၀) ပြုလုပ်ရပြီး လုပ်သားခမှာတစ်လုံးလျှင် (၅၀၀ဝိ/-)ပေးရကြောင်း၊ ယခုအချိန်တွင် လုပ်သားတစ်ဦး အနေဖြင့် တစ်ပတ်လျှင် အိုး(၁၀)လုံးသာ ပြုလုပ်ရပြီး လုပ်သားခမှာ ယခင်ဈေးအတိုင်း တစ်လုံး လျှင် (၅၀၀ဝိ/-) သာရသဖြင့် ယခင်ကအိုးလုပ်ငန်းကို အဓိကလုပ်ကိုင်ခဲ့ကြသော်လည်း ယခုအချိန်တွင် လုပ်သားခပိုရသည့် ကျောင်မြောင်း မြို့မခေါက်ကျေးရွာရှိ ရွှေတောများသို့လည်းကောင်း၊ အခြားသောလုပ်သားခပိုရသည့် လုပ်ငန်းများသို့လည်းကောင်း ရေကြည်ရာ မြက်နုရာ ပြောင်းလဲလုပ်ကိုင်လာကြကြောင်း၊ အခြားသောလုပ်ငန်းများမရှိမှသာ အိုးလုပ်ငန်းကို လာရောက်ဆောင် ရွက်ကြကြောင်း၊ ယခုအချိန်တွင် ကုန်ကြမ်းဈေးနှုန်းမြင့်တက်ခြင်း၊ ကားတင်ပို့ရန် အခက်အခဲရှိခြင်း၊ လုပ်သားခက်ခဲခြင်း၊ လုပ်ငန်းရှင်အနေဖြင့် အရင်းအနှီးများသော်လည်း ကုန်ချောကို ဈေးနှုန်းများစွာ တင်ရောင်း၍မရခြင်း၊ ထည်ပစ္စည်းများသည် စားသောက်ကုန်လုပ်ငန်းကဲ့သို့ မရှိမဖြစ် လိုအပ်သည့် ပစ္စည်းမဟုတ်သည့်အတွက် ယခင်ကလောက်မှာယူမှုမရှိခြင်း၊ ပစ္စည်းသယ်ယူခအနေဖြင့် ရေယာဉ်ခဈေးနှုန်း သိပ်မတက်သော်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက်သည့်အတွက် ကျောက် မြောင်းမြို့မှ အခြားမြို့များသို့ ပိဿာ(၁၅၀)ဝင် စဉ့်အိုးတစ်လုံးတွင် ကားဖြင့်သယ်ယူစရိတ် ယခင်နှစ်များက (၆၀၀ဝိ/-)ကျပ်ပေးရရာမှ ယခု(၁၅၀၀ဝိ/-)လောက်ထိပေးရကြောင်း၊ ၂၀၁၉ ခုနှစ်မှ စတင်၍ နိုင်ငံခြားသို့ Export မရှိခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် စဥ့်ထည်ပစ္စည်းများပြုလုပ်ရာတွင် လိုအပ်သော အဆောက်အဦးနှင့်ကုန်ကြမ်းပစ္စည်းများကို ရင်းနှီးထားရသော်လည်း ထိုက်တန်သည့် အမြတ်အစွန်းမရရှိခြင်းစသည့် အခက်အခဲများစွာကြုံတွေ့နေရကြောင်း၊ စဉ့်အိုးလုပ်ငန်းသည် ပြည်တွင်းဝင်ငွေသာမက အရည်အသွေးပြည့်မီသော ပြည်ပတန်းဝင် စဉ့်အိုးများ ထုတ်လုပ်တင်ပို့ ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာပေးနိုင်သော လုပ်ငန်းလည်းဖြစ်သည့်အတွက် ယခင်ကကဲ့သို့ ပြန်လည်၍ ဟန်ချက်ညီညီ လည်ပတ်နိုင်ရေးကို မျှော်လင့်လျက်ရှိကြောင်း စဉ့်အိုးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုများအား ရေးသားတင်ပြလိုက်ရသည်။
DOCA(စစ်ကိုင်း)